ဇွန် ၁-၂၀၂၆
KKA(VOM)
စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ လျှပ်စစ်မီတာခ နှုန်းထားတွေ လျှော့ချပေးဖို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့က တောင်းဆိုခဲ့ပြီးနောက်ပိုင်း၊ မီးဖြန့်ဖြူးပေးနေတဲ့ လောကသစ္စာ ကုမ္ပဏီက ဇွန်လ ၁ ရက်နေ့ကစပြီး ဒီဇယ်နဲ့ မီးပေးတဲ့စနစ်ကို ရက်ပေါင်း ၃၀ ကြာ ယာယီပိတ်ထားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါကြောင့် ဒီဇွန်လအတွင်းမှာ ဆိုလာစနစ်တစ်ခုတည်းနဲ့ပဲ မီးပေးတော့မှာဖြစ်လို့ မီးပြတ်တောက်တာမျိုးတွေနဲ့ အခက်အခဲတွေ ကြုံရနိုင်တယ်လို့ သိရပါတယ်။
ခန္တီးမြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဆိုလာနဲ့ ဒီဇယ်တွဲ သုံးထားတဲ့ ဟိုက်ဘရစ်စနစ်နဲ့ နေ့စဉ် မနက် ၆ နာရီကနေ ည ၁၂ နာရီအထိ မီးပေးခဲ့တာပါ။ ဒါပေမဲ့ မီတာခနှုန်းထားတွေ လျှော့ပေးဖို့ ဒေသခံအချို့က တိုင်းအစိုးရအဖွဲ့ဆီ တင်ပြခဲ့ကြသလို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ချစ်လွင်ကလည်း တစ်ယူနစ်ကို ၉၀၀ ကျပ်အထိ လျှော့ချပေးနိုင်မလားဆိုပြီး လွှတ်တော်ထဲမှာ မေးမြန်းခဲ့တာတွေ ရှိခဲ့ပါတယ်။
ဒီအပေါ်မှာ ကုမ္ပဏီဘက်က ဘာပြန်ပြောလဲဆိုတော့”အခု သတ်မှတ်ထားတဲ့ နှုန်းထားထက် လျှော့ချပေးရမယ်ဆိုရင် ဒီဇယ်စနစ်ကို ရပ်တန့်ရမှာဖြစ်ပြီး၊ ဆိုလာတစ်ခုတည်းနဲ့ပဲ မီးပေးရင်လည်း ရာသီဥတုအခြေအနေအရ မီးခဏခဏ ပြတ်တောက်တာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ တာဝန်ရှိသူတွေကို အကြိမ်ကြိမ် ရှင်းပြခဲ့ဖူးတယ်”လို့ ဆိုပါတယ်။
အခုတော့ ဒီလိုတောင်းဆိုမှုတွေ ရှိလာတဲ့အတွက် ဇွန်လ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ(၁) လတိတိ ဒီဇယ်စနစ်ကို ယာယီရပ်ဆိုင်းထားမှာဖြစ်ပြီး၊ လက်ရှိတပ်ဆင်ထားတဲ့ ဆိုလာစနစ်က ဘယ်လောက်အထိ မီးထုတ်ပေးနိုင်မလဲဆိုတာကို လက်တွေ့ဆန်းစစ်သွားမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဒီကာလအတွင်း မီးပြတ်တောက်တာတွေ ရှိလာနိုင်လို့ ပြည်သူတွေအနေနဲ့ နားလည်ပေးဖို့နဲ့ မိမိတို့အစီအစဉ်နဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့လည်း နှိုးဆော်ထားတာ တွေ့ရပါတယ်။
ကုမ္မဏီရဲ့ အသိပေးထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ခန္တီးမြို့ခံတွေကြားထဲမှာတော့ စိုးရိမ်မှုတွေနဲ့ ဝေဖန်သံတွေ တော်တော်လေး ထွက်ပေါ်နေပါတယ်။
ခန္တီးဒေသခံတစ်ဦးရဲ့ လူမှုကွန်ယက်မှာ ရေးသားထားတာကတော့ ပြည်သူ့ဘဏ္ဍာငွေ သိန်းပေါင်း ၈၄,၀၀၀ အကုန်အကျခံ တည်ဆောက်ထားတဲ့ ဆိုလာစက်ရုံကြီး ရှိနေပေမဲ့၊ ဒီဇယ်စက်မနှိုးရင် မီးမလုံလောက်ဘဲ “နေပူမှ မီးရမယ့်” အခြေအနေမျိုး ဖြစ်သွားတာကို စိတ်ပျက်မိကြောင်းနဲ့ လာမယ့် ဇွန်လတစ်လလုံး လျှပ်စစ်မီး အခက်အခဲနဲ့ ရင်ဆိုင်ရတော့မယ်ဆိုပြီး ဝေဖန်ထားပါတယ်။
VOM ဆက်သွယ်မေးမြန်းထားတဲ့ ဒေသခံတဦးကတော့ “တယူနစ်ကိုးရာ ဘာလို့တောင်းဆိုရတာလဲဆိုတော့ တယူနစ် သုံးထောင်ဆိုတာကများနေလို့ပဲ။တမြို့လုံးအဆင်မပြေပါဘူး။၁၄ရက်နေ့ အစည်းအဝေးပြီးရင်တော့ ဘာတွေဖြစ်လာမလဲဆိုတာသိရမှာပဲ။”လို့ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကုမ္ပဏီနဲ့ဒေသခံတွေ ဇွန်လ ၁၄ရက်နေ့မှာတွေ့ဆုံဖို့ရှိနေပါတယ်။
ဒီတော့ လာမယ့် ရက်ပေါင်း ၃၀ ယာယီစမ်းသပ်ကာလအတွင်း ခန္တီးမြို့ရဲ့ နေ့စဉ်လူမှုဘဝတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် မီးပြတ်တောက်မှုဒဏ် ဘယ်လောက်အထိ သက်ရောက်မှုရှိလာမလဲဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။
