မုံရွာ-မေ ၃၁- ၂၀၂၆
MW(VOM)
အစိုးရရဲ့ ရက်၁၀၀ စီမံချက်အရ တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးတာမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ အသောကလမ်းရှိနေအိမ်တခုကနေ ကျပ်သိန်း၄၀၀နီးပါးတန်ဖိုးရှိ တရားမ၀င် အိန္ဒိယနိုင်ငံထုတ်ကုန်ပစ္စည်း(၅)မျိုးဖမ်းဆီးရမိကြောင်း မုံရွာနယ်မြေရဲစခန်းကနေ သိရပါတယ်။
အိန္ဒိယနိုင်ငံထုတ် ကုန်ပစ္စည်းတွေ တရားမ၀င် သိုလှောင်ထားကြောင်းသတင်းအရ သွားရောက်ရှာဖွေရာ တထပ်တိုက်နေအိမ်အတွင်း အိမ်ငှားနေထိုင်သူ ကျော်ကျော်(၃၃)နှစ် ကို တရားမ၀င်ကုန်ပစ္စည်းတွေနဲ့အတူ တွေ့ရှိတာမို့ မုံရွာမြို့နယ်မြေရဲစခန်းမှာ (ပ)၁၀၂/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်ထားကြောင်းသိရပါတယ်။
သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကတော့ Ovaltine ပုလင်းဂျက်ဖာ(၁၀၅)ဖာ၊ LUX ဆပ်ပြာခဲပါ ဂျပ်ဖာ(၁၈)ဖာ၊ Life Buoy ဆပ်ပြာခဲပါ ဂျပ်ဖာ(၁၂)ဖာ၊ Colgate သွားတိုက်ဆေးဗူးပါ ဂျပ်ဖာ(၁၁)ဖာ၊ Vatika ခေါင်းလျော်ရည်ထုပ်တွေပါတဲ့ ဂျပ်ဖာ(၂၅၀)ဖာ၊ စုစုပေါင်းခန့်မှန်းတန်ဘိုး သိန်း၄၀၀ ကျပ်ဝန်းကျင်တန်ဖိုးရှိကြောင်း သိရပါတယ်။
၂၀၂၆ နှစ်ဦးပိုင်းကလည်း မုံရွာမြို့၊ ချမ်းမြ၀တီရပ်ကွက်၊ အနော်ရထာလမ်းမှာ အိန္ဒိယနိုင်ငံထုတ် တရားမ၀င်ကုန်ပစ္စည်း ကာလတန်ဘိုး သိန်းတထောင်ကျော်နဲ့အတူ တရားခံ(၂)ဦး မော်တော်ယာဉ်တွေနဲ့အတူ ဖမ်းမိခဲ့လို့ မုံရွာနယ်မြေရဲစခန်းက (ပ)၆/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့် အရေးယူထားတာ ရှိခဲ့တယ်လို့သိရပါတယ်။
သမ္မတဦးမင်းအောင်လှိုင်အစိုးရတက်ပြီးနောက် ရက် ၁၀၀ စီမံကိန်းထဲက အထူးဆောင်ရွက်ချက်တခုဖြစ်တဲ့ တရားမ၀င်တင်သွင်းတဲ့ကုန်ပစ္စည်းတွေ ဖမ်းဆီးတာမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်းစတဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ တရားမဝင်တင်သွင်းတဲ့ ပစ္စည်းတွေ တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးတာတွေ မကြာခဏ သတင်းရရှိနေပါတယ်။
