နေပြည်တော်၊ ဇွန်- ၂- ၂၀၂၆
SA(VOM)
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရဲ့ အဆိုပြုချက်တွေကို လွှတ်တော်မှာ ပထမဆုံးအကြိမ် တင်သွင်းရတော့မှာဖြစ်ပါတယ်။
အဲ့ဒီလွှတ်တော် အစည်းအဝေးမှာ ဦးကျော်ငြိမ်းအောင်၊ တာချီလိတ်မဲဆန္ဒနယ်က ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ မော်တော်ကားဝယ်ယူ၊ ရောင်းချခြင်းများအပေါ် အခွန်စည်းကြပ်ဖို့နဲ့ နှုန်းသတ်မှတ်ထားတဲ့ ပေါက်ဈေးနှုန်းတွေထက် ထက်ဝက်ကျော်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းဝယ်လုပ်ကိုင်နေတာတွေအတွက် သက်ဆိုင်ရာ၀န်ကြီးဌာနမှ စီမံကြပ်မတ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိ၊ မရှိနဲ့ အစီအစဉ်မရှိပါက အဘယ့်ကြောင့်ဆိုတာနဲ့ အစီအစဉ်ရှိပါက ဘယ်ကာလအပိုင်းအခြားတွေမှာ စီမံဆောင်ရွက် သွားမယ်ဆိုတာကို သိရှိလိုတာနဲ့ စပ်လျဉ်းသည့်မေးခွန်း ကို မေးမြန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒုတိယအနေနဲ့ ဦးဝင်းမြင့်၊ တွံတေးမဲဆန္ဒနယ် က ဖွဲ့စည်းပုံအခြေ ခံဥပဒေ ပုဒ်မ ၃၆၉ (က)အရ နိုင်ငံသားဆိုသည့် စကားရပ်အစားတိုင်းရင်းသား မိဘနှစ်ပါးမှမွေးဖွားသူများ သို့မဟုတ် မွေးရာပါနိုင်ငံသားဟု အစားတိုး ပြင်ဆင်ပေးရန်ရှိ၊ မရှိ အား သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း ကို မေမြန်းသွားမယ်လို့ သိရပါတယ်။
နောက်ထပ်မေးခွန်းတခုကိုတော့ စိုင်းထွန်းစံ(ခ) စိုင်းဆေဟန်၊ လင်းခေးမဲဆန္ဒနယ်က ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များတွင် လက်ကျန်ဆီများရှိနေပါလျက်နှင့် အကြောင်းပြချက်အမျိုးမျိုးဖြင့် ဈေးနှုန်းချက်ချင်းမြှင့်တင်ပြီး အမြတ်ကြီးစားနေသော ဆီဆိုင်များအား မည်သို့သောထိရောက်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်၊ ရှမ်းပြည်အရှေ့ပိုင်းရှိ မြို့များတွင် အိမ်နီးချင်းနိုင်ငံများမှ တင်ပို့မှုကန့်သတ်လာပါက ဈေးနှုန်းတည်ငြိမ်စေရန်အတွက်အစိုးရတွင် မည်သို့သောအစီအစဉ်နှင့် အစားထိုးဝယ်ယူမည့်လမ်းကြောင်းများပြင်ဆင်ထားသည်ကို သိရှိလိုခြင်း၊ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ဖြန့်ဖြူးခြင်းလုပ်ငန်းများ ကော်မတီအနေဖြင့် ဆီဆိုင်များအား ကွင်းဆင်း စစ်ဆေးပြီး အမှန်တကယ် ပြတ်လပ်မှု ရှိ၊မရှိ၊ မတန်တဆဈေးနှုန်းများအား ထိန်းညှိပေးရန် အစီအစဉ် ရှိ၊မရှိနှင့် စီးပွားရေးသမားတွေရဲ့ ခေါင်းပုံဖြတ်မှုမှ ပြည်သူလူထုကို ကာကွယ်ပေးရန်အတွက် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း ကို မေးမြန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
သီပေါဆန္ဒနယ်က ဦးကောင်းသက်စံကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်လျှပ်စစ်ဓာတ်အားများအား မည်သည့်အချိန်၌ရရှိမည်။ မည်သို့မည်ပုံ ခွဲဝေဖြန့်ဖြူးနိုင်မည့် အစီအစဉ်ကိုသိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း ကို မေးမြန်းမှာဖြစ်ပါတယ်။
မိုးနဲမဲဆန္ဒနယ်က စိုင်းထွန်းလင်း ကတော့ ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ကျိုင်းတောင်းမြို့အတွင်းရှိ ခမရ (၅၆၉)သို့ ပို့လွှတ်ထားသော ဓာတ်အားလိုင်းမှ အန္တရာယ်ရှိနေသော သစ်လုံးတိုင်များအား ခိုင်ခံ့သည့် ကွန်ကရစ်တိုင်များဖြင့် အမြန်ဆုံး အစားထိုးလဲလှယ်ပေးရန်နှင့် အဆိုပါ ဓာတ်အားလိုင်းအား မြို့ပတ်လမ်း (သို့မဟုတ်) မြို့ရှောင်လမ်းဘက်မှ လိုင်းလမ်းကြောင်းပြောင်းလဲသွယ်တန်းပေးရန် အစီအစဉ် ရှိ၊မရှိ သိရှိလိုပါကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊(စ) ဦးကျော်သန်း၊ မာန်အောင်မဲဆန္ဒနယ်၏ မာန်အောင်မြို့ လျှပ်စစ်မီးရရှိရေးအတွက် ခအုန်းမော်ကျေးရွာ၌ ရှိသော နေရောင်ခြည် စွမ်းအင်သုံးစက်ရုံအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင်လုပ်ဆောင် ပေးမည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း ကို မေးမြန်းမှာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတကာဆက်ဆံရေးကော်မတီ ဖွဲ့စည်းကြောင်းနှင့် ကော်မတီတွင်ပါဝင်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလွှတ်တော်သို့ အသိပေးတင်ပြမှာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက နိုင်ငံတကာဆက်ဆံရေးကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်မှာ ဆက်လက်ရှင်းလင်း တင်ပြမှာဖြစ်ပြီးလွှတ်တော်ရဲ့ အတည်ပြုချက်ရယူမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် ဒုတိယနေ့ကျင်းပမယ့်ရက်ကို ကြေငြာမယ်လို့ အစီအစဥ်တွေအရသိရပါတယ်။
