ဇွန် ၁ – ၂၀၂၆
SN (VOM)
မကွေးတိုင်းအတွင်း အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ဦးရေ သိသာစွာ မြင့်တက်နေဆဲဖြစ်ပြီး အထူးသဖြင့် ဆော၊ ပေါက်၊ မြိုင်နဲ့ ပခုက္ကူမြို့နယ်တွေမှာ လူဦးရေ သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာနေကြရပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့မှာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကစပြီး ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)၊ ညောင်ဦးမြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၄၁၅) နဲ့ အောင်သာရွာမှ ပြည်သူ့စစ်တွေ ပူးပေါင်းထားတဲ့ စစ်ကြောင်းဟာ မြစ်ခြေမြို့အတွင်း ဝင်ရောက်နေတာကြောင့် မြို့ပေါ်က ဒေသခံတွေ အပါအဝင် အနီးအနားရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံ ရှစ်သောင်းကျော် စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
“ဆောဘက်မှာတော့ စစ်ကြောင်းတွေက တရွာဝင်တရွာထွက် သွားနေကြတာဆိုတော့ ရွာသားတွေရော၊ မြို့ပေါ် နေတဲ့သူတွေရဲ့ ဘယ်သူမှ မနေရဲကြဘူး။ အကုန်လုံးနီးပါး ရှောင်နေကြတာ။ တမြို့လုံး လူမရှိသလောက်ဘဲ၊ တိတ်ဆိတ်နေပြီ။ အိမ်တွေ၊ ဆိုင်တွေ ပျက်စီးတာလည်း ရှိတယ်။ အဖမ်းအဆီးတွေလည်း ရှိတယ်” လို့ စစ်ရှောင်အရေး ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိ မြစ်ခြေမြို့မှာ မြို့မဈေးကြီး တဈေးလုံးအပြင် မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးနားရှိ မိုးနတ်ကုန်း၊ ဆွဲကြီး၊ ထနောင်းကုန်း၊ ရွာသာအေး၊ ကြောင်ပန်းခုံ၊ ဖိုလ်ကုန်း၊ ထနောင်းကုန်း ၊မကျီးကုန်း၊ ထန်းတောချောက်၊ ကူကျွန်း၊ လက်ပံပင်၊ ညောင်ပင်၊ နံဂါတ် အစရှိတဲ့ ကျေးရွာ/ရပ်ကွက်ပေါင်း ၁၁ ခုထက်မနည်း ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ပေါက်မြို့နယ်မှာလည်း မြို့အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၄ နဲ့ ) က ထွက်လာတဲ့ စစ်ကြောင်းတွေနဲ့ မေလ ၁၃ ရက်စပြီး လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲလို့ သိရပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ နှစ်သောင်းနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရဆဲဖြစ်ကာ အကြီးမားဆုံး အခက်အခဲကတော့ စားနပ်ရိက္ခာ၊ သောက်သုံးရေ ရှားပါးခြင်းနဲ့ ဆေးဝါး လိုအပ်ချက်တွေ ဖြစ်တယ်လို့ ဒေသအခြေစိုက် စစ်ရှောင်အရေး ဆောင်ရွက်သူက ပြောပါတယ်။
“စစ်ကြောင်းတွေက ပေါက်၊ ဆောနဲ့ ကျောက်ထုလမ်းပိုင်းတလျှောက်မှာ လှုပ်ရှားနေတာ။ စစ်ရှောင်တွေက လယ်ကွင်းတွေ၊ တောတောင်တွေထဲနဲ့ နီးစပ်ရာ ကျေးရွာတွေထဲမှာ ခိုလှုံနေကြရတာ။ ခုရက်ပိုင်း မိုး၊ လေ ကြမ်းတော့ တောတောင်တွေထဲက ယာယီတဲတွေ ပျက်စီးတာရှိတယ်။ အခုက အနောက်တောင်မုတ်သုံလေ အားကောင်နေတယ်လို့ မိုးလေဝသဌာနကလည်း ကြေညာထားတော့ ရှေ့လျှောက်လည်း မိုးက များလာဦးမှာ။ တောထဲမှာ ရှောင်နေကြရတဲ့သူတွေအတွက် ရာသီဥတုဒဏ် ကာကွယ်ဖို့ မိုးကာတွေ၊ တာပေါ်လင်စတွေလည်း အရေးတကြီးကို လိုအပ်နေပါတယ်။ ပြီးတော့ တောထဲ၊ တောင်ထဲဆိုတော့ သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ကလည်း တော်တော်ကို ခက်ခဲတဲ့အခြေအနေ ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
ပေါက်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့၊ ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြဖို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက တိုက်တွန်းထားပါတယ်။
ချင်းပြည်နယ် (တောင်ပိုင်း) နဲ့ ဆက်စပ်နေတဲ့ ဆောမြို့နယ်မှာလည်း အစိုးရတပ် စစ်ကြောင်းတွေ ရွာစဉ်လှည့်လည် ဝင်ရောက်နေမှုကြောင့် ရွာပေါင်း ၁၀ ရွာကျော်မှ ဒေသခံ ၇၀၀၀ ဝန်းကျင်၊ တောတောင်တွေအတွင်း တိမ်းရှောင်နေရပြီး ရိက္ခာသယ်ယူရေး လမ်းကြောင်းတွေလည်း ဖြတ်တောက်ခံထားရတဲ့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်လပ်လျက်ရှိကာ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ဆိပ်ဖြူနဲ့ မြိုင်မြို့နယ်မှာလည်း ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂ နဲ့ ၂၄) တပ်တွေက နယ်မြေရှင်းလင်းတာ၊ ရိက္ခာ ပို့ဆောင်တာတွေ မကြာခဏ ပြုလုပ်နေတဲ့အတွက် ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်လျက်ရှိတယ်လို့ သိရပြီး တိုက်ပွဲအတွင်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရကာ လမ်းပိုင်းချို့လည်း ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။
အစိုးရတပ်က ပခုက္ကူမြို့ပေါ်မှတဆင့် မြိုင်ဒေသထဲ ကုန်စည်နဲ့ ဆေးဝါးတွေ သယ်ယူခွင့် ကန့်သတ် ဖြတ်တောက်ထားတဲ့အတွက် ဒေသခံတွေဟာ စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ စားဝတ်နေရေး ကျပ်တည်းမှုအပြင် ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
Photo – CJ
