လားရှိုးမှာ ကျောင်းမြေနဲ့ တပ်ပိုင်မြေပေါ် ဆောက်ထားတဲ့ နေအိမ်​တွေ ဖျက်ဆီးခံရ

ဇွန် ၁၊ ၂၀၂၆
Shv V(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကျောင်းပိုင်မြေနဲ့ တပ်ပိုင်မြေတွေပေါ် ဆောက်လုပ်ထားတဲ့ နေအိမ်တွေကို မေလကုန်ပိုင်းအတွင်း အာဏာပိုင်တွေက ဆက်တိုက် ဖျက်ဆီးနေပြီး နေအိမ်ပိုင်ရှင် အများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြတယ်လို့ ဒေသခံတွေက VOM ကို ပြောပါတယ်။
မေလ ၃၁ ရက် မနက်ပိုင်းမှာ လားရှိုးမြို့ အမှတ် (၅) ရပ်ကွက်ရှိ အခြေခံမူလတန်းကျောင်း (အမက-၁၀) ပိုင် မြေနေရာပေါ် ဆောက်လုပ်ထားတဲ့ နေအိမ်တွေကို ဖျက်ဆီးခဲ့တာဖြစ်ပြီး အိမ် ၁၀ လုံးကျော် ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ရပ်ကွက် ၅ က အမက (၁၀ )ကျောင်းရဲ့ မြေနေရာပါ။ အရင်က ကြံဖန်ရောင်းထားတဲ့ မြေတွေ။ ကျူးကျော်လို့ ပြောရမှာပေါ့။ ၁၇ အိမ် ပါသွားတယ်။ မေလ ၃၁ ရက်နေ့က ဖျက်လိုက်တာ ဟုတ်တယ်” လို့ ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ အဲဒီမြေတွေကို ယခင်က ကျောင်းတာဝန်ရှိသူ တဦးက အဆင့်ဆင့် ရောင်းချခဲ့တာဖြစ်ပြီး ဒေသခံအချို့က ဝယ်ယူမထားဖို့ သတိပေးခဲ့ပေမယ့် နောက်ပိုင်းမှာ နေအိမ်တွေ ဆောက်လုပ် နေထိုင်လာကြတာလို့ သိရပါတယ်။
“ကျနော်တို့ ရပ်ကွက်မှာ အရင်တုန်းက ဆရာမ တယောက် ရောင်းစားခဲ့တဲ့ နေရာပါ။ မယူကြနဲ့လို့ ပြောပြကြပေမယ့် ယူပြီး တိုက်ဆောက်လိုက်တာ။ အခုကျတော့ ကျောင်းနယ်မြေဆိုပြီး ဖျက်ပစ်တာ။ ဝယ်တဲ့လူတွေ ရှုံးသွားတာပေါ့” လို့ ရပ်ကွက် ၅ နေ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီဖျက်ဆီးမှုအတွင်း ကျောင်းဆရာ၊ ဆရာမတွေကိုပါ ခေါ်ယူထားပြီး အင်အားပြ ဆောင်ရွက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် မေလ ၂၆ ရက်နေ့ကလည်း လားရှိုးမြို့ အမှတ် (၉) ရပ်ကွက်၊ နယ်မြေ (၁) ဘူတာအောက်ဘက် ခေးနင်းလမ်းသွယ် (၈) မှာရှိတဲ့ နေအိမ်တွေကို “တပ်ပိုင်မြေ” ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်ဆီးခဲ့ပြီး အိမ် ၁၀ လုံးဝန်းကျင် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
“တပ်ပိုင်မြေပါလို့ ပြောတာပဲ။ နေတာ ၁၅ နှစ်ရှိပြီ။ အဆင့်ဆင့် ရောင်းစားခဲ့ပြီး လက်ဝယ်ရှိသူတွေ ခံရတာ။ မြေပွဲစားတွေက သိသိကြီးနဲ့ လုပ်စားသွားတာပါ” လို့ နေအိမ် ဖျက်ဆီးခံရတဲ့ နေရာနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အဲဒီ မြေတွေကို ရေဘေးဒုက္ခသည်တွေအတွက် ပေးထားခဲ့တဲ့ နေအိမ်ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ရေဘေးဖြစ်တုန်းက ပေးထားတဲ့ဟာတွေ။ ယာယီဆောက်ထားတာ မဟုတ်ဘူး။ အခိုင်အမာ ဆောက်ထားတဲ့ တိုက်အိမ်တွေပါ။ အခုကျတော့ စစ်တပ်မြေဆိုပြီး အကုန်ဖျက်ခံရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ လားရှိုးမြို့အတွင်း မြေကွက်ရောင်းဝယ်မှုတွေဟာ နှစ်ပေါင်းများစွာ ရှုပ်ထွေးနေခဲ့ပြီး ကျောင်းမြေ၊ တပ်ပိုင်မြေနဲ့ အခြားအငြင်းပွားဖွယ် မြေယာတွေကို မြေပွဲစားတွေနဲ့ ဆက်စပ်သူတွေက အဆင့်ဆင့် ရောင်းချခဲ့တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “ဒီကိစ္စက အခုမှ ဖြစ်တာ မဟုတ်ဘူး။ တပ်က စာထုတ် သတိပေးထားတာ နှစ်ဆယ်ချီ ကြာနေပြီ။ လူတွေက ဂရုမစိုက်ဘဲ အိမ်တွေ ဆောက်ပြီး နေကြတာ။ မြေဝယ်ရင် မြေစာရင်းရုံးမှာ စစ်ပြီးမှ ဝယ်သင့်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဖျက်ဆီးခံရတဲ့ နေအိမ်ပိုင်ရှင်တွေအတွက် နေရာပြန်လည် ချထားပေးတာ၊ နစ်နာကြေးပေးတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW