အခြေခံပြည်သူတွေရဲ့ သောကပင်လယ်ဝေတဲ့ နေ့ရက်များ

KKA(VOM)
လက်ရှိ မြန်မာနိုင်ငံရဲ့လူမှုစီးပွားဝန်းကျင်ကို တခွန်းတည်းနဲ့ဖော်ပြရရင် “အသက်ရှူရကျပ်ခြင်း”လို့ပဲ ဆိုရပါမယ်။ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ နောက်ဆက်တွဲ ဂယက်ဟာ အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေးက နေ့စဉ်နဲ့အမျှ ပိုမိုကျပ်တည်းလာနေပြီး၊ ဆင်းရဲမွဲတေမှု အနက်ရှိုင်းဆုံး အခြေအနေကို ဦးတည်ရွေ့လျားနေပါတယ်။
ပြည်သူ‌​တွေ ရင်ဆိုင်နေရတဲ့ အဓိက အခက်အခဲဟာ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်မှုပဲ ဖြစ်ပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ဆေးဝါး စတဲ့ အခြေခံ မီးဖိုချောင်သုံးနဲ့ လူသုံးကုန်ပစ္စည်းတွေဟာ အခြေခံလူတန်းစားတွေကိုဆောက်တည်ရာမရလောက်အောင် နေ့စဉ်နဲ့အမျှ ဈေးနှုန်း‌​တွေ မြင့်တက်နေတာနဲ့ ကြုံ‌​တွေ့​နေရပါတယ်။ တစ်ချိန်က အခြေခံလူတန်းစားအများစု မှီခိုအားထား စားသုံးခဲ့ရတဲ့ ဆန်ကြမ်းတအိတ်ကိုပဲ အခုအခါ ငွေကျပ် တသိန်းခွဲ အထိ ရှိလာပြီး၊ အခြေခံစားသောက်ကုန်ဖြစ်တဲ့ စားသုံးဆီဈေးနှုန်းကလည်း သာမန်မိသားစုတွေ မတတ်နိုင်တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။
ငွေကြေးဖောင်းပွမှုနဲ့အတူ မြန်မာကျပ်ငွေတန်ဖိုး အရှိန်အဟုန်နဲ့ ကျဆင်းလာတာက သွင်းကုန်အခြေခံတဲ့ လူသုံးကုန်ပစ္စည်းနဲ့ ဆေးဝါးအားလုံးကို ဈေးနှုန်း နှစ်ဆ၊ သုံးဆမက မြင့်တက်သွားစေခဲ့ပါတယ်။
နေ့စဉ် လူမှုဘဝနဲ့စီးပွားရေးလုပ်ငန်း​တွေကို အဆိုးရွားဆုံး ထိုးနှက်နေတဲ့ အခြားအချက်တစ်ခုက လျှပ်စစ်မီး ပုံမှန်မရရှိတာပဲဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) နဲ့ လက်လုပ်လက်စား မိသားစုလုပ်ငန်းငယ်တွေဟာ လျှပ်စစ်မီး မမှန်တဲ့အတွက် လုပ်ငန်းခွင် ပုံမှန်မလည်ပတ်နိုင်တော့ဘဲ ဝင်ငွေ ထက်ဝက်မက လျော့ကျသွားခဲ့ရပါတယ်။
မီးစက်မောင်းဖို့က စက်သုံးဆီကိုပဲ အားကိုးနေရတော့ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်နေတာနဲ့ မကြာခဏ ဆီပြတ်လပ်တဲ့ ဘေးဒုက္ခ‌​တွေကြောင့် ကုန်ထုတ်လုပ်မှုစရိတ်ဟာ မြင့်တက်သွားပါတယ်။အဲဒီကုန်ကျစရိတ် မြင့်မားတာဟာ စားသုံးသူ ပြည်သူ‌​တွေအပေါ်ကိုပဲ ဝန်ထုပ်ဝန်ပိုးအဖြစ် ပုံကျလာရပါတယ်။
ကုန်ဈေးနှုန်း‌‌​တွေက လအလိုက်၊ ရက်အလိုက် တရိပ်ရိပ် ထိုးတက်နေပေမယ့် အခြေခံအလုပ်သမား၊ ဝန်ထမ်း‌​တွေနဲ့ လက်လုပ်လက်စားတွေရဲ့ မိသားစုဝင်ငွေဟာ အနိမ့်ဆုံးအဆင့်မှာပဲ ငြိမ်သက်နေဆဲ ဖြစ်ပါတယ်။ ပုံမှန်နေ့စားလုပ်ခ ဒါမှမဟုတ် လစာငွေတွေဟာ အနိမ့်ဆုံးမှာပဲ ရှိနေဆဲဖြစ်ပြီး အချို့လုပ်ငန်း‌​တွေမှာ‌​တော့ အနည်းငယ် တိုးမြှင့်ပေးနေတယ်ဆိုပေမယ့် မိသားစုတစ်စုရဲ့ နေ့စဉ်အခြေခံအသုံးစရိတ်ကို လုံးဝ (လုံးဝ) မကာမိဖြစ်‌​နေပါတယ်။ ဝင်ငွေနဲ့ ထွက်ငွေ မမျှတတော့တဲ့အတွက် အခြေခံမိသားစု အများစုမှာ အာဟာရဖြစ်စေတဲ့ အစားအစာ‌ေတွကို လျှော့ချကာ ဝမ်းဝရုံ၊ မသေရုံတမယ် ခြိုးခြံချွေတာ စားသောက်နေရတဲ့အတွက် နောက်ဆက်တွဲ ကျန်းမာရေးချို့တဲ့တာတွေနဲ့ အာဟာရချို့တဲ့ ဝေဒနာ‌​တွေကိုပါ ကွင်းဆက်အနေနဲ့ ခံစားနေရပါတယ်။
အခြားတစ်ဖက်မှာလည်း ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆုတ်ခွာတာ၊ စက်ရုံ၊ အလုပ်ရုံအချို့ ပိတ်သိမ်းရတာ‌​တွေကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေဟာ သိသိသာသာ ရှားပါးသွားခဲ့ပါတယ်။ ပြည်တွင်းမှာ စားဝတ်နေရေး မျှော်လင့်ချက် နည်းပါးလာမှု၊ ဥပဒေကြောင်းအရ သက်ရောက်မှု‌​တွေနဲ့အတူ အနာဂတ် ပျောက်ဆုံးနေတဲ့ လူငယ်တွေနဲ့ လုပ်ကိုင်နိုင်စွမ်းရှိတဲ့ လူလတ်ပိုင်း အရွယ်အများအပြားဟာ အိမ်နီးချင်းနိုင်ငံ‌​တွေဖြစ်တဲ့ ထိုင်း၊ တရုတ်၊ မလေးရှားနဲ့ အခြားပြည်ပနိုင်ငံတွေကြိ နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာပြီး အောက်ခြေအလုပ်‌​တွေကို သွားရောက်လုပ်ကိုင်နေကြရပါတယ်။
ဒါ့အပြင် နယ်မြေမတည်ငြိမ်တာ‌​တွေ​ကြောင့် စစ်ဘေးရှောင် ပြည်သူ‌​တွေများပြားလာတာ‌​တွေနဲ့အတူ ဘေးကင်းရာ မြို့ပြ‌​တွေဆီ ရွှေ့ပြောင်းအခြေစိုက်သူ တိုးပွားလာတာကလည်း မြို့ပြအိမ်ငှားခဈေးနှုန်း‌​တွေ မြင့်တက်စေခဲ့ပါတယ်။ နေ့စဉ်စားစရိတ်အပြင် လစဉ် မပျက်မကွက် ပေးဆောင်ရမယ့် အိမ်ငှားခစရိတ်ဟာ အခြေခံလူတန်းစား‌​တွေအတွက် ကြီးမားတဲ့ သောကမျက်ရည် ဖြစ်ပါတယ်။ စားဝတ်နေရေး ကျပ်တည်းတာ အထွတ်အထိပ်ကို ရောက်လာတာနဲ့အမျှ ခိုးဆိုးလုနှိုက်မှုနဲ့ဓားပြတိုက်မှု စတဲ့ ရာဇဝတ်မှုတွေဟာ မြို့ပြနဲ့ ကျေးလက်‌ေတွမှာ သာမန်ထက် ပိုမိုစိပ်လာပြီး ပြည်သူတွေဟာ စားဝတ်နေရေး သောကအပြင် အသက်အိုးအိမ်စည်းစိမ် လုံခြုံရေး သောကပါ ထပ်ဆင့်ခံစားနေကြရပါတယ်။
ခြုံငုံသုံးသပ်ရရင် လက်ရှိ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ စားဝတ်နေရေး ကြပ်တည်းမှုဟာ ရိုးရှင်းတဲ့ စီးပွားရေးကျဆင်းမှုမျိုးမဟုတ်ဘဲ မငြိမ်းချမ်းတာရဲ့ အကျိုးဆက် အဘက်ဘက်က ယိုယွင်းကျဆုံးလာတဲ့ ကွင်းဆက်အကျပ်အတည်းဖြစ်ပါတယ်။
ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်မယ့် ထိရောက်တဲ့ မူဝါဒအကောင်အထည်ဖော်တာ‌​တွေ လျှပ်စစ်မီးနှင့် စွမ်းအင်ကဏ္ဍ တည်ငြိမ်​အောင်လုပ်တာ‌​တွေ အလုပ်အကိုင် အခွင့်အလမ်းသစ်‌​တွေ ဖန်တီးပေးတာ‌​တွေအပြင် လုံခြုံစိတ်ချရတဲ့ လူမှုဝန်းကျင်တခုကို အမြန်ဆုံး မဖန်တီးပေးနိုင်သရွေ့ ပြည်သူတွေရဲ့ စိတ်ဖိစီးမှုနဲ့ ဆင်းရဲမွဲတေမှု အမှောင်ထုဟာ အခုထက် ပိုမိုဆိုးသွားမှာပဲဖြစ်ပါတယ်။
#voiceofmyanmar #VOM #အ​ခြေခံပြည်သူ

Related posts

Leave a Comment

VOM News

FREE
VIEW