မန္တလေး-ဇွန်-၂-၂၀၂၆
KKA(VOM)
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းမှာရှိတဲ့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူတွေ ထောက်ပံ့ကြေးငွေ ထိရောက်စွာ ရရှိနိုင်ရေးအတွက် အစိုးရရဲ့ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေတွေနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ ငါန်းဇွန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူက အဆိုပါကိစ္စကို ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူရဲ့ မေးမြန်းချက်မှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်ပြည်သူေတွကို နိုင်ငံတော်က တစ်ဦးလျှင် နှစ်သောင်းကျပ်နှုန်း လစဉ်ထောက်ပံ့ပေးဖို့ စီစဉ်ထားပေမယ့် လက်ရှိမှာ လူနည်းစုပဲ ရရှိပြီး အများစုမှာ မရရှိသေးဘူးလို့ ထည့်သွင်းမေးမြန်းခဲ့ပါတယ်။ဒါ့အပြင် စစ်ဘေးရှောင်အများစုဟာ ထောက်ပံ့ကြေးလျှောက်ထားရမယ့် လမ်းညွှန်ချက်ေတွကို မသိရှိကြသလို၊ အသစ်လျှောက်ထားသူများကလည်း ထောက်ပံ့ကြေး လုံးဝမရရှိသေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဥပမာ ငါန်းဇွန်မြို့မှာ စစ်ဘေးရှောင်ဦးရေ (၈၀၀) ကျော် ကနဦးစာရင်းပေါက်ပေမယ့် ထပ်မံလျှောက်ထားတဲ့ ပြည်သူ (၄၀၀) ကျော်မှာ ထောက်ပံ့ကြေး လုံးဝမရရှိသေးကြောင်းနဲ့ အခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေစတင်ပြီး ထောက်ပံ့ ပေးအပ်တာတွေ မရှိတာကို လေ့လာတွေ့ရှိရခဲ့ရလို့ စနစ်တကျ လေ့လာမှတ်တမ်းတင်ပြီး အချိန်နဲ့တပြေးညီ ထိရောက်စွာ ထောက်ပံ့ပေးနိုင်ဖို့ အစိုးရကို မေးမြန်းခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီလို့ မေးမြန်းခဲ့တာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးလှကြွယ်က အစိုးရအဖွဲ့ရဲ့ ထောက်ပံ့ပေးမှု အခြေအနေတွေကို အချက်အလက်နဲ့တကွ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါတယ်။
လူမှုရေးရာဝန်ကြီးရဲ့ ဖြေကြားချက်အရ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကေန တစ်ဆင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ယာယီနေရပ်စွန့်ခွာ ပြည်သူတွေအတွက် တဦးလျှင် တစ်လ၂၀,၀၀၀ ကျပ်နှုန်းနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ (၅) ကြိမ် ခွဲဝေထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။
ငါန်းဇွန်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ေတွအတွက် ထောက်ပံ့ပေးခဲ့တဲ့ အခြေအနေေတွကတော့ ပထမအကြိမ် (၂၀၂၅ ဇန်နဝါရီ)လူဦးရေ ၁၈၂ ဦးအတွက် ထောက်ပံ့ငွေ ၃.၆၄ သန်း၊ဒုတိယအကြိမ် (၂၀၂၅ ဖေဖော်ဝါရီနဲ့မတ်)မှာ လူဦးရေ ၉၆၇ ဦးအတွက် ထောက်ပံ့ငွေ ၃၈.၆၈ သန်း၊တတိယအကြိမ် (၂၀၂၅ ဧပြီ/မေ/ဇွန်)မှာလူဦးရေ ၈၆၅ ဦးအတွက် ထောက်ပံ့ငွေ ၅၁.၉၀ သန်း၊ စတုတ္ထအကြိမ် (၂၀၂၅ ဇူလိုင်/သြဂုတ်/စက်တင်ဘာ)မှာလူဦးရေ ၃၇၁၂ ဦးအတွက် ထောက်ပံ့ငွေ ၂၂၂.၇၂ သန်း၊
ပဉ္စမအကြိမ် (၂၀၂၅ အောက်တိုဘာ/နိုဝင်ဘာ/ဒီဇင်ဘာ)မှာ လူဦးရေ ၃၅၅၃ ဦးအတွက် ထောက်ပံ့ငွေ ၂၁၃.၁၈ သန်း ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ဝန်ကြီးက လွှတ်တော်မှာ အချက်အလက်တွေနဲ့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် ထောက်ပံ့မှု ရရှိပြီးတဲ့နောက် မိမိတို့ရဲ့နေရပ်ဒေသတွေကို ပြန်လည်ထွက်ခွာသွားတာ ဒါမှမဟုတ် အခြားမြို့နယ်တွေကို ပြောင်းရွှေ့နေထိုင်လုပ်ကိုင်တာတွေကြောင့် ဒုတိယအကြိမ်အဖြစ် နေရပ်ပြန်လည်စွန့်ခွာသူ ပြည်သူတွေအတွက်လည်း ၂၀၂၅ ခုနှစ်အတွင်း အဆင့်ဆင့်စိစစ်ပြီး ပို့လျှံငွေတွေ ထောက်ပံ့ပေးခဲ့ကြောင်းနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ယာယီနေရပ်စွန့်ခွာ ပြည်သူတွေ ထောက်ပံ့ကြေး ထိရောက်စွာ ရရှိဖို့အတွက် အစိုးရအဖွဲ့အနေနဲ့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
