ဇွန် ၁၊ ၂၀၂၆
Shv V(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ရာ နမ့်ခမ်းမြို့ ကောင်းတပ်ရွာမှာ မနေ့ မေလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက ယမ်း သိုလှောင်ရုံ ပေါက်ကွဲမှုမှာ လူ သေဆုံးမှု ၄၀ ကျော်လာပြီး ၇၀ ကျော် ဆေးရုံတင်ထားရကြောင်း လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
“မနေ့ မေလ ၃၁ ရက်နေ့က နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်ပွားမှုမှာ သေဆုံးသူ မနေ့တရက်အတွင်း ၄၆ လောင်းရှိတယ်” လို့ ကူညီ ကယ်ဆယ်နေသူ အမျိုးသား တယောက်က ပြောပါတယ်။
နမ့်ခမ်းပြည်သူ့ဆေးရုံကနေ အလောင်း ၄၆ လောင်းကို မီးသဂြိုလ်စက်သို့ ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။
ကျန်ရှိနေတဲ့ ထိခိုက် ဒဏ်ရာရလူနာ ၇၄ ယောက်ကိုလည်း နမ့်ခမ်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးမှာ မူဆယ်မြို့ နဲ့ နမ့်ခမ်းမြို့မှာရှိတဲ့ လူမှု ကူညီရေးအသင်းတွေ ပူးပေါင်းပြီး လူနာတင်ကား ၁၆ စီး နဲ့ ကူညီကယ်ထုတ်ပေးနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“အပျက်အစီးကြားတွေမှာ ခန္ဓာကိုယ် အပိုင်းအစတွေ တွေ့နေရပေမယ့် မထုတ်နိုင်တာတွေ ရှိသေးတယ်။ သေဆုံး စာရင်းက ထပ်ရှိနိုင်သေးတယ်။ တရပ်ကွက်လုံး ဖြစ်သွားတာဆိုတော့ လူ ဘယ်လောက် နေထိုင်နေလဲ ဆိုတာလည်း မသိဘူးလေ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ယမ်းသိုလှောင်ရုံ နဲ့ နီးကပ်တဲ့ နေ့အိမ်တွေ အားလုံးကြေမွ ပျက်စီးသွားပြီး သိုလှောင်ရုံနဲ့ မျက်နှာချင်းအိမ်တွေမှာ ရှိနေတဲ့ လူတွေက အားလုံး သေဆုံးသွားကြတယ်လို့ ဆိုပါတယ်။
ဒေသခံ တချို့ကတော့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်နဲ့ TNLA တို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ စမ်းသပ်ဆဲ ယမ်းစပ်စက်ရုံက ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။
TNLA ဘက်ကတော့ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်း တွေမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
အဲဒီ ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးရမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု၊ နေအိမ်တွေ ပျက်စီးဆုံးရှုံးရမှု အများအပြားရှိခဲ့ပြီး အဲဒီအတွက် TNLA အနေနဲ့ များစွာ ဝမ်းနည်းပူဆွေးရကြောင်းဖော်ပြထားပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ယမ်းပျော့တွေဟာ PSLF/TNLA စီးပွားရေးဌာနက မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ပစ္စည်းတွေ ဖြစ်ပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်း အသေးစိတ် စုံစမ်းစစ်ဆေးနေကြောင်း၊ တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှံးခဲ့ရသူတွေအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာဌာနတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း ပါရှိပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်း ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်တွင် မေ ၃၁ ရက်က ပြင်းထန်သော ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့လို့ မီးခိုးထူထပ်စွာ ထွက်ပေါ်လာခဲ့ပြီး အဆောက်အအုံအများအပြား ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ် တွေကို ကိုးကားပြီး CCTV (China Central Television) က တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့တယ်လို့ Global Times က သတင်း ထုတ်ထားပါတယ်။
မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ထားပြီး ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ထိခိုက်သေဆုံးမှုအခြေအနေ တွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း CCTV မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
နယ်စပ်ကုန်သည်တယောက်ကတော့ မြန်မာနိုင်ငံထဲ သယံဇာတ တူးဖော်နေတဲ့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်၊ ကုမ္ပဏီတွေရဲ့ နောက်ကွယ်မှာ တရုတ်အစိုးရက ထောက်ပံ့မှု ရှိနေတာကို တွေ့ရပြီး မြန်မာန်ုင်ငံက သယံဇာတကို အစိုးရအချင်းချင်း တိုက်ရိုက် ဝယ်ယူလို့ မရတော့တာကြောင့် ရတဲ့နည်းလမ်းနဲ့ ဝယ်ယူနေတာလို့ ရှုမြင်ကြောင်း ပြောပါတယ်။
နှစ်နိုင်ငံ အစိုးရ တရားဝင် ခွင့်ပြုထားခြင်း မရှိတဲ့ နယ်စပ် ဂိတ်တွေကနေ နေ့စဉ်နဲ့ အမျှ မြန်မာဘက်ခြမ်းက သတ္တု သယ်ဆောင်လာတဲ့ ကားတွေ အများအပြား တွေ့နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့မှာလည်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းမြို့နယ်၊ ယောင်ပန်ကျေးရွာရှိ ယမ်းချက်စက်ရုံ ပေါက်ကွဲခဲ့ပြီး လူ ရာချီ သေဆုံးကာ အများအပြား ဒဏ်ရာခဲ့ပြီး နေအိမ် အဆောက်အဦ အများအပြား ပျက်စီးတာ ရှိခဲ့ပါတယ်။
