မန္တလေး၊ ဇွန်- ၄- ၂၀၂၆
SA(VOM)
မန္တလေး၊ ပုလိပ်၊ တံတားဦး လမ်းပိုင်း ကို မီးရထား (သို့မဟုတ်) ကားရထား ပြေးဆွဲပေးနိုင်ဖို့ အစီအစဥ်ရှိ မရှိ ကို မြစ်သားမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်း က ဒီကနေ့ ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး (ဒုတိယနေ့)မှာ လွှတ်တော်ဥက္ကဋ္ဌက တဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
” တံတားဦးမြို့ အနီး အမြန်လမ်းပေါ်က မိုင်တိုင်(၃၅၈)အနီးမှာရှိတဲ့ ဒုတ္ထဝတီမြစ်ကူးတံတားမှာ မြေငလျင်လှုပ်စဉ်က ပြိုကျပျက်စီးသွားသဖြင့် ပြုပြင်နေဆဲဖြစ်ပါတယ်။သို့ပါ၍ တံတားဦးမြို့နယ်ရှိ ဒေသခံများမှာ ပလိပ်၊မြစ်ငယ်ဘက်မှ ပတ်၍ သွားရပါတယ်။ တံတားဦးမှ မန္တလေးသို့ ဆိုင်ကယ်ဖြင့်သွားမည်ဆိုပါက ယခင်အမြန်လမ်းမှ သွားလျှင် တစ်နာရီကြာမောင်းရ၍ ယခုမြစ်ငယ်လမ်းမှ သွားလျှင် နှစ်နာရီကြာမောင်းနေရပါတယ်။ဆီဈေးကြီးချိန်ဖြစ်၍ တံတားဦးမှ မန္တလေးသို့ အိမ်စီးကားငှားလျှင်တစ်သိန်းသုံးသောင်းပေးရသဖြင့်အခြေခံလူတန်းစားများမှာ ဒုက္ခရောက်ကြရတယ်။နံနက်ခင်းပိုင်းတွင် တံတားဦးမြို့မှ ပန်းရံအလုပ်သွားဆိုင်ကယ်များ အလွန်များပြားခြင်း၊ဒုတ္ထဝတီတံတားကျိုး၍ ရန်ကုန်-မန္တလေးကားများမှ ကျောက်ဆည်ကားလမ်းဟောင်းမှ လာကြသဖြင့် ပလိပ်လမ်းဆုံတွင် ပိတ်ဆို့နေ၍ အချိန်ကြာမြင့်စွာ စောင့်ကြရပါတယ်။ ဆီချွေတာလျော့ချစေရန်နှင့်ငွေကုန်ကြေး ကျ သက်သာစေရန်တံတားဦး၊ပလိပ်မြို့နယ်ရှိ ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် ၎င်းမန္တလေးမှတံတားဦးသို့နံနက်တစ်ကြိမ်၊ညနေတစ်ကြိမ် မီးရထား(သို့)ကားရထားပေးဆွပေးပါက အလုပ်သမားများ၊ဝန်ထမ်းများ အဆင်ပြေချောမွေ့မည်ဖြစ်ပါ၍ မီးရထား(သို့)ကားရထားပြေးဆွဲရန် အစီအစဉ်ရှိ/မရှိ ” ကို ဒေသခံလူထုကိုယ်စားလွှတ်တော်ဥက္ကဌမှတဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်း ခဲ့တာဖြစ်ပါတယ်။
မေးမြန်းမှုနဲ့ပတ်သက်ပြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဌာန ဝန်ကြီး ဦးကျော်မိုးသက် က” မန္တလေး၊ ပုလိပ်၊ တံးတားဦးလမ်းပိုင်းမှာ မနက်တကြိမ် ညနေတကြိမ် မီးရထား သို့မဟုတ် ကားရထား ပြေးဆွဲပေးဖို့အစီအစဥ် ရှိ မရှိ နဲ့ပတ်သက်တဲ့ မေးခွန်းမှာ ကျနော်တို့ မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်ကို တင်ပြထားပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှညာ Public transportation ကို ဦးစားပေးပြီး ဆောင်ရွက်ဖို့ ကြိုးစားနေတဲ့အချိန်ဖြစ်တာမို့ ခွင့်ပြုချက်ရရှိပါက ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ဒုဋ္ဌဝတီတံတား အသစ်အစားထိုးပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ဒီနှစ် ၂၀၂၆ ခုနှစ်ကုန်ပိုင်းလောက်မှာ ပြီးစီးအောင်တည်ဆောက်သွားမှာဖြစ်တယ်လို့လည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင် က ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတခုမှာ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။
