မုံရွာ -ဇွန်-၅-၂၀၂၆
MW(VOM)
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန်လ ၅ ရက် မနက်က မုံရွာမြို့စစ်ကိုင်းတိုင်းဒေသကြီးလွတ်တော်မှာ ကျင်းပရာမှာ ကြယ်ပွင့်ပြမေးခွန်း ၇ ခုနဲ့ တိုက်တွန်းကြောင်း အဆို ၁ ခုတင်သွင်းခဲ့ပါတယ်။
မုံရွာမြို့က ပျက်ဆီးနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးရုံးတွေ ပြန်လည်ပြုပြင်ပြီး ရုံးခန်းတွေပြန်ဖွင့်နိုင်ဖို့ အစီအစဥ်ရှိမရှိမေးခွန်းကို မုံရွာမြို့နယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြူကြူစိန်ကမေးမြန်းတဲ့အခါ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှုးကြီး ဝင်းတင်စိုးက ဖြေကြားခဲ့တာပါ။
“ပြုပြင်ဖို့ရုံး ၉ရုံး အကြမ်းဖက်အဖွဲ့မီးရှိုခံရတဲ့ရုံး၁ရုံး ကိုယ်ထူကိုယ်ထရုံး၁ရုံးကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှာတောင်းခံပြီး ရရှိရင်အမြန်ပြီးအောင် ဆောင်ရွက်မှာဖြစ်ပါတယ်။ ဘဏ္ဍာငွေမရရင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှာ ဘဏ္ဍာငွေလျာထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဥပစာသန့်ရှင်းရေးဆောင်ရွက်ရမယ့် သလ္လာရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကို ၂၀၂၆ ခုနှစ်ဇွန်လ၁ရက်နေ့က အပြီးဆောင်ရွက်ခဲ့ပြီဖြစ်ပါတယ်။ လုံခြုံရေး အခြေအနေအရ ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ ရုံးကိုတော့နယ်မြေတည်ငြိမ်အေးချမ်းရင် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။”လို့ လုံနယ်ဝန်ကြီးကဖြေပါတယ်။
မုံရွာမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အနောက်မြောက်တိုင်းမြို့တော်ဖြစ်ပြီး လူဦးရေလေးသိန်းနီးပါးနေထိုင်ပါတယ်။ မုံရွာမြို့ကို ၁၈၈၈ ခုနှစ်ကစတင်ပြီး မြို့အဖြစ်သတ်မှတ်ပြီး စီမံအုပ်ချုပ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ရင်း တဆင့်ပြီးတဆင့် မြှင့်တင်လာခဲ့ကြတာပါ။
မုံရွာမြို့ဟာ မြို့ပေါ်ရပ်ကွက် ၃၁ရပ်ကွက်၊ ကျေးရွာ ၅၄အုပ်စု၊ ရပ်ကွက်နဲ့ကျေးရွာ ၈၅ ခုရှိပြီး စီမံအုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။
မုံရွာမြို့ပေါ်ရပ်ကွက် ၃၁ရပ်ကွက်အခြေအနေက ရုံးခန်းဖွင့်ပြီးပြည်သူကြားစီမံအုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်တဲ့ ရပ်ကွက်ရုံး ၁၇ရုံး၊ ပြုပြင်ဖို့လိုတဲ့ရပ်ကွက်ရုံး ၉ရုံး၊ အသစ်ပြန်ဆောက်ရမယ့်ရပ်ကွက်ရုံး တရုံး၊ ဥပစာနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ရမယ့်ရပ်ကွက်ရုံး၁ရုံး၊ ပြန်လည်ဆောက်လုပ်ရမယ့်ရပ်ကွက်ရုံး တရုံး၊ လုံခြုံရေးအခြေအနေအရ မဖွင့်လှစ်နိုင်တဲ့ရုံး တရုံး ရှိပါတယ်။
ဖွင့်လှစ်နိုင်တဲ့ ၁၇ရုံးက အိုးဘိုတောင်၊ အောင်ချမ်းသာ၊ အေးသာယာ၊ ဆူးလေကုန်း၊ ချမ်းမြသာစည်၊ရုံးကြီး၊ ဒေါနခြံ၊ စစ်ပင်၊ ဗန္ဓုလ၊အလယ်ရပ်၊ မြို့သစ်၊ မုံရွာတောင်၊ ရန်ကင်း၊အောင်မင်္ဂလာ၊ ရွှေပြည်အေး၊ဘုရားကြီးနဲ့ ကန်သာဦးရပ်ကွက်တို့ဖြစ်ပါတယ်။
ပြုပြင်ဆောင်ရွက်ရမယ့်၉ရုံးက မြဝတီ၊ ချမ်းမြဝတီ၊ ဘုန်းစိုး၊ အလုံရပ်၊ ထန်းတော၊လယ်တီ၊ ရတနာပုံ၊ ကွေ့ကြီးနဲ့ ပြည်တော်သာရပ်ကွက်တို့ဖြစ်ပါတယ်။ မီးရှို့ခံရလို့အသစ်ပြန်ဆောက်ရမယ့်ရုံးတွေက စက်မှုဇုန်နဲ့ နန္ဒဝန်ရပ်ကွက်ရုံးတွေဖြစ်ပါတယ်။ ပြန်လည်တည်ဆောက်ဆဲက နတ်လူထိပ်ပန်ရုံးဖြစ်ပြီး ၂၀၁၈ ခုမှာကိုယ်ထူကိုယ်ထအစီအစဥ်နဲ့ဆောက်လုပ်တာ ၅၀ ရာခိုင်နှုန်းပြီးပြီဖြစ်ပါတယ်။
