ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုး မူဝါဒကြောင့် EV ဈေးကွက်အတွင်း အရောင်းအဝယ် အနည်းငယ် အေးနေ

ဇွန် ၅ – ၂၀၂၆
SS (VOM)
ယာဉ်အို၊ ယာဉ်ဟောင်းနဲ့ လျှပ်စစ်သုံးယာဉ် (EV) ကား အစားထိုး လဲလှယ်ရမယ့် မူဝါဒကြောင့် ဈေးကွက်အတွင်း EV ဝယ်လိုအား အနည်းငယ်ရပ်တန့်ပြီး ဈေးနှုန်းတွေ အကျဘက်ကို ဦးတည်နေတယ်လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။
ထုတ်လုပ်တဲ့ခုနှစ် သက်တမ်း နှစ် (၂၀) ကျော်လွန်ယာဉ်၊ ပြင်ဆင်မရနိုင်တဲ့ ယာဉ်‌တွေနဲ့ သက်တမ်း နှစ် (၂၀) ကျော်လွန်ခြင်း မရှိပေမယ့်လည်း ဆန္ဒအရ အပ်နှံလိုတဲ့ယာဉ်တွေရဲ့ တန်ဖိုးနဲ့အညီ EV ယာဉ်တွေ အစားထိုးလဲလှယ်နိုင်ဖို့ ဆောင်ရွက်မယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
“ဒါက တိကျတဲ့ မူဝါဒ ထွက်လာရင်တော့ ပိုပြောလို့ရတာပေါ့။ ခုချိန်ကတော့ ဘာပဲပြောပြော EV တွေအများကြီး တင်သွင်းလို့ရမယ်။ လက်ရှိဈေးကွက်ကတော့ ဝယ်ချင်တဲ့သူက အရင်လိုကြီး ဆွဲတင်းပြီး မဝယ်တော့ဘူးပေါ့။ နည်းနည်းစဉ်းစားသွားတယ်၊ စောင့်ဆိုင်းသွားတယ်။ ငွေမစောင့်နိုင်တဲ့သူကတော့ ဈေးချရောင်းရမှာပေါ့။ အဲဒီတော့ EV ဈေးကွက်က တက်စရာတော့မရှိဘူး၊ ရပ်တာနဲ့ ကျတာနဲ့ပဲ ရှိနိုင်တယ်လို့ သုံးသပ်လို့ရပါတယ်” လို့ ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ လုပ်ထုံးလုပ်နည်း အသေးစိတ်၊ မူဝါဒ တိတိကျကျ ထွက်ရှိလာပါက EV ရဲ့ ကားဈေးကွက်ပေါ်မှာ သက်ရောက်မှုက ရောင်းလိုအား (Supply) များလာပြီး ဝယ်လိုအား (Demand) ကျဆင်းသွားတတ်ကာ ကားဈေးနှုန်းတွေ သိသိသာသာ ဈေးကျသွားတတ်တယ်လို့ သူက ပြောပါတယ်။
“အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက လုပ်ပိုင်ခွင့်ပြုတဲ့ ကုမ္ပဏီတွေက Invoice value က တစီးကို အမြင့်ဆုံး နှစ်သောင်းခွဲထက် ပိုမသွင်းရဘူးလို့ သတ်မှတ်ထားတယ်။ ကားဟောင်းအပ်ရင်တော့လည်း ငါးသောင်းအထိ သွင်းရမလား၊ တသိန်းအထိ သွင်းရမလား ဆိုတာတော့၊ ဖြစ်နိုင်ခြေပေါ့၊ အားလုံးက မျှော်လင့်ကြတယ်။ ဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်” လို့ သူက ပြောပါတယ်။
လတ်တလော ကားဈေးကွက်ထဲမှာတော့ EV ကားက အဲဒီကြေညာချက်ကြောင့် ကားဈေးနှုန်းကို ၂၀ ရာခိုင်နှုန်း ပြန်ချတဲ့သူတွေလည်း ရှိသလို၊ ဈေးမချသေးတဲ့သူတွေလည်းရှိပြီး ဝယ်လိုအား အနည်းငယ်ရပ်ကာ အရောင်းအဝယ်ကလည်း အေးသွားတယ်လို့ သူက ပြောပါတယ်။
“ဈေးဆင်းသွားတယ် ဆိုတာထက်ကို ကျွန်တော် ဒီနေရာကနေ ရဲရဲကြီးပြောချင်တာတော့ မြှင့်ထားလို့ ဈေးပြန်ချပေးရတယ်လို့ပဲ ပြောချင်တာပါ။ အရှေ့အလယ်ပိုင်းကိစ္စ ဖြစ်သွားတဲ့အချိန်မှာ တချို့ကားတွေ ၁၀၀ ရာခိုင်နှုန်းလောက်ကို ဈေးဆွဲတင်သွားတာရှိတယ်။ အဲဒီဈေးက တချို့က ၈၀ ရာခိုင်နှုန်းလောက် ပြန်ကျတယ်၊ ၂၀ ရာခိုင်နှုန်းလောက်က မကျသေးဘူး” လို့ ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။
ဒါအပြင် ယာဉ်အို၊ ယာဉ်ဟောင်း ဈေးကွက်မှာလည်း နှစ် (၂၀) ထဲကို အကျုံးဝင်တဲ့ မော်ဒယ်လ်နိမ့်ကားတွေက အရောင်းအဝယ် အေးနေပြီး ဈေးကျတဲ့ဘက်ကို သွားနေကာ နှစ် (၂၀) နဲ့ များစွာလွတ်ပြီး မော်ဒယ်လ်မြင့်တဲ့ ကားတွေကတော့ ဈေးမြင့်တဲ့ဘက်ကို သွားနေတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ မူဝါဒအသစ် ထွက်လာပေမယ့်လည်း ဆက်လက် ဆောင်ရွက်ရမယ့် အသေးစိတ် ညွှန်ကြားချက်တွေ မပါဝင်သေးတာကြောင့် SKD EV နဲ့ ကားဈေးကွက် အခြေအနေမှာလည်း အရောင်းအဝယ် အေးနေပြီး ကားလုပ်ငန်းရှင်တွေနဲ့ ဝယ်သူတွေက ဈေးကွက်အခြေအနေကို ဆက်လက် စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။
လက်ရှိ ဈေးကွက်အတွင်းမှာ SKD EV အသစ်တွေထက် နာမည်ကျော် Brand တွေဖြစ်ပြီး ဘက်ထရီ အာမခံပါရှိကာ ကီလိုအနည်းငယ်သာ မောင်းနှင်ရသေးတဲ့ ကျပ်သိန်း ၁၀၀၀ အောက် တပတ်ရစ် EV ကားတွေကိုသာ ဝယ်ယူသူတွေက ပိုမို စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
ယာဉ်အို၊ ယာဉ်ဟောင်းနဲ့ EV အစားထိုး မူဝါဒဟာ SKD EV ကားကုမ္ပဏီတွေအတွက် လက်ရှိမှာ တိုက်ရိုက် တင်သွင်းခွင့်ထက် ပြည်တွင်းတပ်ဆင်ထုတ်လုပ်မှု (Semi-Knocked Down – SKD) စနစ်နဲ့ ပြည်တွင်း တပ်ဆင်ထားတဲ့ BYD၊ Toyota၊ နဲ့ MG လိုမျိုး Myanmar Vehicles Industry ကားကုမ္ပဏီတွေရဲ့ အရောင်းပြခန်းတွေကတဆင့် စလစ်နဲ့ လဲလှယ်မှုတွေ ပိုမို လုပ်ဆောင်လာနိုင်ဖွယ် ရှိနေတယ်လို့ ကားလုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။
လက်ရှိ မူဝါဒအရ ယာဉ်အို/ယာဉ်ဟောင်း တစီး အပ်နှံရာမှာ ကုန်ကျစရိတ် ကျပ်သိန်း ၃၀၀ ဝန်းကျင်အထက် ရှိနိုင်ပြီး အစားထိုးရရှိမယ့် EV တင်သွင်းခွင့်အတွက်ပါ ထပ်မံရင်းနှီးရတာကြောင့် ပြည်သူအများစုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့အပြင် ဒီမူဝါဒနဲ့ ပတ်သက်လို့ အစီအစဉ်အသေးစိတ် (ဥပမာ- နယ်လိုင်စင် ကားဟောင်းအပ်ပါက ရန်ကုန်လိုင်စင် ရ၊ မရ) တိကျစွာ ထွက်ပေါ်လာခြင်း မရှိသေးတဲ့အတွက် ကားသစ်ဝယ်ယူလိုသူတွေက စောင့်ကြည့်နေကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJp

Related posts

Leave a Comment

VOM News

FREE
VIEW