မုံရွာ-ဇွန်-၄-၂၀၂၆
MW(VOM)
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန်လ၄ရက် နံနက်၁၀နာရီက မုံရွာမြို့စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ မေးခွန်းတွေ အဖြေတွေနဲ့ ပြန်လည်အသက်ဝင်ခဲ့ပြီဖြစ်ပါတယ်။
ဒီနေ့ အစည်းအဝေးကို လွတ်တော်ဥက္ကဌဦးတင့်လှိုင်မြင့်၊ ဒုဥက္ကဌဦးမျိုးသန့်၊နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ် ဦးကိုလေးနဲ့ဝန်ကြီးတွေ လာရောက်လေ့လာကြတဲ့ မုံရွာစီးပွားရေးတက္ကသိုလ်က ပါမောက္ခချုပ်၊ ပါမောက္ခနဲ့ ကျောင်းသား၊ကျောင်းသူတွေ၊ မုံရွာမြို့ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေတက်ရောက်ကြပါတယ်။
အစည်းအဝေးမှာ ခန္တီး၊ မြင်းမူ၊ တမူး၊ ဘုတလင်၊ မော်လိုက်၊ မင်းကင်း၊ မုံရွာ၊ အရာတော်နဲ့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက ကြယ်ပွင့်ပြမေးခွန်း ၁၀ခုမေးမြန်းကြရာမှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဝန်ကြီးတွေက ဖြေကြားခဲ့ကြပါတယ်။
ချင်းတွင်းမြစ်အထက်ပိုင်းမှာရှိတဲ့ အဆင်ခြင်မဲ့ရွှေတူးဖော်မှုလုပ်ငန်းတွေကြောင့်မြစ်ကြောင်းပျက်ဆီးတာ ပြဒါးညစ်ညမ်းတာနဲ့ ဆိုင်ယာနိုက်ဓာတုပစ္စည်းတွေရဲ့ ဘေးအန္တရာယ်တွေက ကာကွယ်တားဆီးနိုင်ရေး တိုက်တွန်းကြောင်းအဆိုကို မော်လိုက်မြို့နယ်အမှတ်၁လွတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာသိန်းကအစည်းအဝေးကို တင်သွင်းရာမှာ ဖောင်းပြင်မြို့နယ်အမှတ်၁ တိုင်းဒေသကြီးကိုယ်စားလှယ်ဦးတင်မင်းထွဋ်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။
တင်သွင်းလာသောအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ သင့် ၊မသင့်လွှတ်တော်ကိုယ်စားလှယ်တွေထံ အဆုံးအဖြတ်ရယူရာမှာ လက်ခံဆွေးနွေးသင့်ကြောင်း အားလုံးကဆုံးဖြတ်ကြတဲ့အတွက် လွတ်တော်ကလက်ခံဆွေးနွေးဖို့ ဆုံးဖြတ်အတည်ပြုပါတယ်။ အဲဒီနောက်အဆိုကို ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတင်သွင်းဖို့ လွတ်တော်ကကြေငြာပြီး အဆိုကို ဇွန်လ၈ရက်နေ့ကျင်းပမယ့် အစည်းအဝေးမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်က ဦးကိုလေးဖြစ်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီမံကိန်း၊ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခင်မောင်အေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးဆန်းဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်သန်းဝင်း နဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ သောင်းနိုင် ၊တိုင်းဒေသကြီးဥပဒေချုပ်အဖြစ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ဒေါ်မြင့်မြင့်သိန်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးဇော်ထူး၊ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများအဖြစ် ဦးဟန်သိန်း၊ ဒေါ်မိမိစိန် နဲ့ဦးခင်မောင်သိန်းတို့အပြင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးစိန်ဖေ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးငွန်ဘွလ်ထန် တို့က တာဝန်ယူထားပါတယ်။
