ဇွန် ၆ ၊ ၂၀၂၆
GG (VOM)
ပဲခူးတိုင်း ၊ ကဝမြို့နယ် ၊ ရွှေဘုံသာကျေးရွာမှာ မိသားစုဝင် ငါးယောက်လုံး သတ်ဖြတ်ခံခဲ့ရပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသတ်ခံရသူတွေက အသက် ၅၇ နှစ်အရွယ် အမျိုးသမီး ၊ အသက် ၃၈ နှစ်အရွယ် အမျိုးသမီး နဲ့ သူရဲ့သားသမီးတွေဖြစ်တဲ့ အသက် ၈ နှစ်နဲ့ အသက် ၄ နှစ် အရွယ် မိန်းကလေး၊ အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးတို့ဖြစ်ပြီး သတ်ဖြတ်ပြီးတော့ စောင်နဲ့အုပ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ငါးလောင်းပြိုင်လူသတ်မှုကို ကျူးလွန်တဲ့ တရားခံလေးယောက်ကလည်း ရွှေဘုံသာရွာကပဲ ဖြစ်ပြီး လက်ရှိမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖမ်းဆီးစစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။
” အသက် ၅၇ နှစ်ဆိုတာက ယောင်းမပေါ့။ ကလေးတွေနဲ့ဆိုရင်အဒေါ်တော်တယ်။ ကလေးတွေအဖေက မလေးရှားမှာ အလုပ်လုပ်နေတာ ။ အသတ်ခံထားရတာကို ဗုဒ္ဓဟူးနေ့ကမှသိရတာ ။ သိတယ်ဆိုတာလည်း.ဖုန်းဆက်တော့လည်းမရဘူး ။အိမ်မှာမွေးထားတဲ့ တိရိစ္ဆာန်တွေကလည်း အစာမစားရလို့ အော်နေလို့ တခြားတဲကသူတွေက သွားကြည့်တော့မှ အသတ်ခံထားရတာကို သိရတာ ။ ရောက်သွားတော့ လေးယောက်က သေနေပြီ ။ အသက်၄နှစ်ကလေးလေးက ခေါင်းမှာဒဏ်ရာဗရပွနဲ့ မသေသေးဘူး ။ ဆေးရုံရောက်မှသေသွားတာ ။သူတို့မိသားစုက အေးအေးဆေးဆေး သမားတွေပါ ။ သူ့အမျိုးသားကလည်းအခု မလေးရှားမှာပါ။ လယ်နဲ့မွေးမြူရေးလုပ်စားကြတာ ။ တရားခံတွေမိပြီ။
အခုမိထားတဲ့ တရားခံတွေက ကွင်းထဲကလူတွေချည်းပဲ ။ ကွင်းထဲမှာ တဲထိုးနေကြတာ ။ ကွင်းထဲကနှစ်ယောက် ၊ ရွာထဲက နှစ်ယောက် ။ ” လို့ ဒေသခံက ပြောပါတယ်။
အဆိုပါ မိသားစုဝင်ငါးယောက်လုံးဟာ ဇွန်လ ၁ ရက်နေ့မှာ သတ်ခံထားရတဲ့ အခြေအနေရှိပြီး ဇွန် ၃ ရက်နေ့ရောက်မှသာ အသတ်ခံထားရတာကို ပတ်ဝန်းကျင်က သိရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဆက်သွယ်အကြောင်းကြားနိုင်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
အသတ်ခံရတဲ့ မိသားစုဝင်ငါးယောက်လုံးကိုတော့ ဇွန် ၄ ရက်နေ့မှာ ရွှေဘုံသာရွာ သုဿန်မှာပဲ မီးသဂြိုလ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကျူးလွန်သူ တွေကိုဖမ်းဆီးစစ်ဆေးနေဆဲဖြစ်တာကြောင့် လူသတ်မှူ ကျူးလွန်ရတဲ့အခြေအနေကို မသိရသေးကြောင်း ၊ရဲတပ်ဖွဲ့ဘက်ကလည်း ထုတ်ပြန်တာမရှိသေးဘူးလို့ သိရပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ ကဝမြို့နယ်ရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး ။
ဓာတ်ပုံ – CJ
