မင်းတပ်မြို့နယ်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ဇွန် ၇ – ၂၀၂၆
SS (VOM)
ချင်းပြည်နယ် (တောင်ပိုင်း) ရှိ မင်းတပ်မြို့နယ်မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်န့ကစပြီး မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ ကံကြီးရွာကနေ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ဦးတည် ဝင်ရောက်လာတာဖြစ်ပြီး ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်နေတဲ့အတွက် မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
“မင်းတပ်ရဲ့ စစ်ရေးအခြေအနေကတော့ အစိုးရတပ်က မြေပြင်ကလည်း လူအင်အား အများကြီးနဲ့ ထိုးစစ်ဆင်နေသလို၊ လေကြောင်းကနေလည်း လေယာဉ်၊ အဆင့်မြင့် ဒရုန်းတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတယ်။ နှစ်ဖက်စလုံးလည်း အထိအခိုက် များနေပြီ။ လူနေအိမ် အတော်များများလည်း ပျက်စီးကုန်ပြီ” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
လက်ရှိမှာ လေကြောင်းရန်နဲ့ မြေပြင် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ ဒေသခံ နှစ်သောင်းနီးပါး ရှိလာနေပြီး အဲဒီ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ အရေးပေါ် ဆေးဝါးအကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူ တယောက်က ပြောပါတယ်။
“ဒေသခံတွေအတွက်က ဒါက ဒုတိယအကြိမ် စစ်ရှောင်ရတာပါ။ တိုက်ပွဲက အခု အခြေအနေအတိုင်းဆို ဆက်တိုက် ပြင်းထန်လာနိုင်တယ်။ အဲဒါကြောင့် စစ်ရှောင်ရတယ် ဆိုတာကလည်း ကာလရှည် ဖြစ်သွားနိုင်တယ်။ ဒေသခံတွေ အတော်များများက တောတောင်တွေမှာ ခိုလှုံနေကြရတာ။ မိုးကလည်း ဆက်တိုက် ရွာနေတာဆိုတော့ ရှိတဲ့ရိက္ခာတွေကလည်း ရေတွေစို၊ မှိုတွေတက်နဲ့ ပျက်စီးကုန်ပြီ” လို့ သူက ပြောပါတယ်။
ဒါအပြင် ကန်ပက်လက်မြို့မှာလည်း အစိုးရတပ်က ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစပြီး ဆောမြို့နယ်ဘက်ကနေ ထိုးစစ်ဆင်လာတာကြောင့် မြို့အနီးနဲ့ မြတ်နိုးသူကွေ့ဝန်းကျင်၊ ဒေသအခေါ် (ခြောက်မိုင်) ကျေးရွာအနီးတဝိုက်မှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် အစိုးရတပ်က ချင်းပြည်နယ်မှာ စားနပ်ရိက္ခာ၊ ငွေကြေး၊ ဆက်သွယ်ရေးနဲ့ သတင်းတွေကို ဖြတ်တောက်ထားတဲ့ ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးနေတဲ့အတွက် ဒေသအတွင်း ရိက္ခာနဲ့ ဆေးဝါးတွေ သယ်ယူခွင့်မရဘဲ အထူး ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။
အစိုးရတပ်တွေဟာ ချင်းပြည်နယ် (မြောက်ပိုင်း) ရှိ ဖလမ်း၊ တီးတိန်နဲ့ တွန်းဇံမြို့တွေကို ပြန်လည် ထိန်းချုပ်ပြီးနောက် ချင်းပြည်နယ် (တောင်ပိုင်း) ကို ယောဒေသဘက်ကနေတဆင့် အင်အား အလုံးအရင်းနဲ့ မြေပြင်ကနေ ထိုးစစ်ဆင်နေတဲ့အပြင် လေကြောင်းကနေပါ အဆက်မပြတ် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ အစိုးရတပ်အနေနဲ့ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ အခြေစိုက်စခန်းတွေကို ဖြိုခွင်းနိုင်ဖို့ ကြိုးပမ်းလာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အစိုးရတပ်တွေဟာ ဗျူဟာတွေကို စနစ်တကျ ချမှတ်ကာ ချင်းပြည်နယ်အတွင်း စစ်မျက်နှာဖွင့်လာတာကြောင့် အရင်က ပြောက်ကြားစနစ်နဲ့ တန်ပြန် တိုက်ခိုက်ခဲ့ပေမယ့် လက်ရှိမှာတော့ မင်းတပ်၊ ကန်ပက်လက် အပါအဝင် ရရှိထားတဲ့ နယ်မြေတွေနဲ့ မြို့ပြတွေကို ခုခံ ကာကွယ်နေရတဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက အသိပေးထားပြီး အစိုးတပ် တာဝန်ရှိသူတွေဘက်တော့ ချင်းပြည်နယ်ရဲ့ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW