(ဂါဇာစစ်မြေပြင်က ကလေးငယ်များရဲ့ အနာဂတ်)
MT(VOM)
ရာဇဝင်ထဲက အမာရွတ်တစ်ခု
ဂါဇာဒေသရဲ့ ဒီနေ့အခြေအနေကို နားလည်ဖို့ဆိုရင် အစ္စရေးနဲ့ ပါလက်စတိုင်းတို့ရဲ့ ရာစုနှစ်ချီ သမိုင်းပဋိပက္ခ အကျဉ်းချုပ်ကို အရင်ကြည့်ဖို့ လိုပါတယ်။ ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံ ထူထောင်လိုက်တာနဲ့အတူ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ပါလက်စတိုင်းလူမျိုး သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အဲဒီဒုက္ခသည်အများစု ခိုလှုံရာနေရာဟာ ဂါဇာကမ်းမြောင်ဒေသ (Gaza Strip) ဖြစ်လာခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် ခြောက်ရက်စစ်ပွဲအပြီးမှာတော့ အစ္စရေးက ဂါဇာကို သိမ်းပိုက်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ်မှာ ဟားမတ်စ် (Hamas) အဖွဲ့ ဂါဇာကို ထိန်းချုပ်လိုက်ကတည်းက အစ္စရေးရဲ့ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်း ပိတ်ဆို့မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရတာပါ။
ဒီလို နိုင်ငံရေး၊ စစ်ရေး ပိတ်ဆို့မှုတွေကြားထဲမှာပဲ ဂါဇာရဲ့ လူဦးရေဟာ သန်းနဲ့ချီ တိုးပွားလာခဲ့ပြီး အဲဒီထဲမှာ ထက်ဝက်ကျော်က အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။ အမြဲတမ်း စစ်မီးတောက်နေတဲ့ ဒီဒေသမှာ ကလေးငယ်တွေအတွက် စားဝတ်နေရေးတင်မကဘဲ သူတို့ရဲ့ ဘဝအာမခံချက်ဖြစ်တဲ့ “ပညာရေး” ကဏ္ဍဟာလည်း စစ်မြေပြင်ရဲ့ အကြီးမားဆုံး သားကောင်တစ်ခု ဖြစ်လာခဲ့ရပါတယ်။ ဒီလို မြေယာနဲ့ လူမျိုးရေး ပဋိပက္ခရဲ့ နာကျင်မှုကို ပါလက်စတိုင်း အမျိုးသားကဗျာဆရာကြီး မာမွတ် ဒါဝတ်ရှ် (Mahmoud Darwish) က သူ့ရဲ့ ‘Identity Card’ ကဗျာထဲမှာ အခုလို ရေးခဲ့ဖူးပါတယ်—
ရေးလိုက်
ငါဟာ အာရပ်တယောက်
ငါ့ မှတ်ပုံတင်ကတ် နံပါတ်က
ငါး သုည သုည သုည သုည
ငါ့မှာ ကလေးရှစ်ယောက်ရှိတယ်
ကိုးယောက်မြောက်ကလေး
လာမယ့်နွေမှာ မွေးမယ်
မင်းတို့ စိတ်တိုကြဦးမလား။
ပညာရေးဟာ လူ့အခွင့်အရေး (သို့မဟုတ်) စက္ကူပေါ်က ကတိကဝတ်
ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုဒ် ၂၆ မှာ အထင်အရှား ဖော်ပြထားတာ ရှိပါတယ်။
”လူတိုင်းသည် ပညာသင်ကြားခွင့် ရှိသည်။ အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့်များတွင် ပညာသင်ကြားရေးသည် အခမဲ့ ဖြစ်ရမည်။ မူလတန်းပညာရေးကို မသင်မနေရ ပြုလုပ်ရမည်။”
ဒါပေမဲ့ ဂါဇာမြေပေါ်မှာတော့ ဒီကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်တွေဟာ စာအုပ်ထဲမှာပဲ ရှိနေပြီး လက်တွေ့မှာတော့ ဗုံးဆန်တွေကြားထဲ ပျောက်ဆုံးနေရတာ ရင်နာစရာ ကောင်းလှပါတယ်။ ကျောင်းတွေဟာ စစ်သားတွေရဲ့ ပစ်မှတ် ဖြစ်လာပြီး စာသင်ခန်းတွေဟာလည်း အမုန်းတရားတွေ မွေးဖွားရာ နေရာတွေ ဖြစ်လာတတ်ပါတယ်။
ပဋိပက္ခကြားက ပညာရေး ဖော်ဆောင်မှု လက်တွေ့
လက်ရှိ ဂါဇာမှာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စစ်ရေးပဋိပက္ခတွေကို ရင်ဆိုင်နေရတာမို့ စနစ်တကျ ကျောင်းတက်ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ကျောင်းအဆောက်အအုံ ၈၀ ရာခိုင်နှုန်းကျော်ဟာ လုံးဝပျက်စီးတာ ဒါမှမဟုတ် ပြုပြင်လို့မရအောင် ပျက်စီးသွားခဲ့ပါပြီ။ ဒါပေမဲ့ ပါလက်စတိုင်းလူမျိုးတွေဟာ ကလေးတွေရဲ့ ပညာရေးကိုတော့ ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံဘဲ နည်းလမ်းမျိုးစုံနဲ့ ဖော်ဆောင်နေကြပါတယ်။
ဒုက္ခသည်စခန်းတွင်း ကျောင်းများ (Tent Schools): အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ရှောင်စခန်းတွေ၊ တဲအိမ်တွေကြားထဲမှာပဲ ဆရာ၊ ဆရာမတွေက စေတနာ့ဝန်ထမ်းအဖြစ် ယာယီတဲကျောင်းလေးတွေ ဆောက်ပြီး စာသင်ပေးနေကြပါတယ်။ စာအုပ်စာတမ်း မစုံလင်ပေမဲ့ မြေကြီးပေါ်မှာ တုတ်နဲ့ရေးပြီး သင်ရတဲ့အခြေအနေအထိ ပညာရေးကို ဆက်လုပ်နေကြပါတယ်။
ကုလသမဂ္ဂအေဂျင်စီ (UNRWA) ၏ အခန်းကဏ္ဍ: ကုလသမဂ္ဂ ပါလက်စတိုင်းဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် အလုပ်အကိုင်အေဂျင်စီ (UNRWA) က ဖွင့်လှစ်ထားတဲ့ ကျောင်းတွေဟာ ဂါဇာကလေးငယ်တွေအတွက် အဓိက အသက်သွေးကြောပါ။ စစ်ပွဲအတွင်းမှာ ဒီကျောင်းတွေကို ဒုက္ခသည်စခန်းတွေအဖြစ် ပြောင်းလဲအသုံးပြုရင်း တစ်ဖက်ကလည်း အရေးပေါ်ပညာရေး အစီအစဉ်တွေ၊ စိတ်ဒဏ်ရာကုစားရေး (Psychosocial Support) လုပ်ငန်းတွေကို ပူးတွဲလုပ်ဆောင်ပေးနေရပါတယ်။
ဒီဂျစ်တယ်နှင့် အဝေးသင်စနစ်
အင်တာနက်နဲ့ လျှပ်စစ်မီး အမြဲပြတ်တောက်နေတဲ့ကြားကပဲ တတ်နိုင်တဲ့ အချိန်မှာ ပါလက်စတိုင်း ပညာရေးဝန်ကြီးဌာနနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အွန်လိုင်းကနေ သင်ခန်းစာတွေ ဖြန့်ဝေပြီး ကလေးတွေ စာမပြတ်အောင် ကြိုးစားနေကြပါတယ်။
မတူညီတဲ့ သဘောထားတွေ
တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်း အသီးသီးရဲ့ ပညာရေးအပေါ် သဘောထားနဲ့ လုပ်ဆောင်ချက်
တွေကို ကြည့်ရအောင်ပါ။ စစ်ပွဲရဲ့ အဓိက လက်သည်တွေဖြစ်တဲ့ အဖွဲ့အစည်းတွေဟာ ပညာရေးကဏ္ဍအပေါ် မတူညီတဲ့ သဘောထားနဲ့ မဟာဗျူဟာတွေ ကျင့်သုံးနေကြပါတယ်။
ဂါဇာကို ကာလရှည်အုပ်ချုပ်လာတဲ့ ဟားမတ်စ်အဖွဲ့ဟာ ပညာရေးကို သူတို့ရဲ့ နိုင်ငံရေးနဲ့ အမျိုးသားရေး အယူဝါဒ ရှင်သန်ရေးအတွက် အရေးပါတဲ့ ကိရိယာတစ်ခုအဖြစ် ရှုမြင်ပါတယ်။ သူတို့ ထိန်းချုပ်တဲ့ ကျောင်းသင်ရိုးညွှန်းတမ်းတွေမှာ အစ္စရေးကို ဆန့်ကျင်ရေး၊ ပါလက်စတိုင်းတို့ရဲ့ မြေယာပြန်လည်ရရှိရေး ကာကွယ်ပိုင်ခွင့် စတဲ့ အတွေးအခေါ်တွေကို ထည့်သွင်းလေ့ရှိပါတယ်။ လက်ရှိစစ်ပွဲအတွင်းမှာတော့ ဟားမတ်စ်အဖွဲ့ဟာ ကျောင်းတွေကို စစ်ရေးအရ အကာအကွယ်ယူဖို့ သုံးစွဲတယ်ဆိုပြီး စွပ်စွဲခံရမှုတွေ ရှိသလို တစ်ဖက်မှာလည်း အရပ်သားအခြေခံအဆောက်အအုံတွေ ပျက်စီးသွားတဲ့အတွက် ကလေးတွေရဲ့ ပညာရေးယန္တရား တစ်ခုလုံးကို ထိန်းကျောင်းနိုင်စွမ်း မရှိတော့ဘဲ လုံးဝ လေလွင့်သွားစေခဲ့ပါတယ်။
အစ္စရေးဘက်ကတော့ ဂါဇာမှာရှိတဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ဟားမတ်စ်အဖွဲ့က စစ်သားစုဆောင်းရာ၊ လက်နက်သိုလှောင်ရာနဲ့ တိုက်ခိုက်ရေးဥမင်လှိုင်ခေါင်း ဝင်ပေါက်တွေအဖြစ် အသုံးပြုနေတယ်လို့ အမြဲတမ်း စွပ်စွဲပြောဆိုပါတယ်။ ဒါကြောင့် သူတို့ရဲ့ စစ်ဆင်ရေးတွေအတွင်းမှာ ပညာရေးအဆောက်အအုံတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အစ္စရေးရဲ့ လုပ်ဆောင်ချက်ဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ပြီး၊ ကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့်ကို စနစ်တကျ ဖျက်ဆီးပစ်ရာ ရောက်နေတယ်လို့ ထောက်ပြကြပါတယ်။
အနာဂတ်မဲ့သွားနိုင်တဲ့ မျိုးဆက်သစ်များ
ဂါဇာမှာ စစ်ပွဲတွေ ဘယ်အချိန်ပဲပြီးပြီး အဆောက်အအုံတွေကို ပြန်ဆောက်လို့ ရနိုင်ပေမဲ့ ကလေးငယ်တွေရဲ့ ဘဝကနေ ဆုံးရှုံးသွားတဲ့ ပညာသင်နှစ်တွေ၊ စိတ်ဒဏ်ရာတွေကိုတော့ ပြန်ပေးဖို့ မလွယ်ကူပါဘူး။အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါအတိုင်း ကလေးတိုင်းဟာ ဘေးကင်းလုံခြုံစွာနဲ့ ပညာသင်ကြားခွင့် ရှိရပါမယ်။ ဂါဇာက ကလေးငယ်တွေရဲ့ ပညာရေးကို ကာကွယ်ပေးခြင်းဟာ ပါလက်စတိုင်းရဲ့ အနာဂတ်ကို ကာကွယ်ပေးခြင်းပဲ ဖြစ်တာမို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ပွဲတွေရပ်တန့်ဖို့ တိုက်တွန်းရုံတင်မကဘဲ ပျက်စီးသွားတဲ့ ဂါဇာရဲ့ ပညာရေးစနစ်ကို ပြန်လည်ကုစားပေးဖို့ အရေးတကြီး အာရုံစိုက် လုပ်ဆောင်ရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
MT(VOM)
Ref
[၁] Mahmoud Darwish. (1964). “Identity Card” (Sajil Ana Arabi) ပါလက်စတိုင်း ကဗျာဆရာကြီး မာမွတ် ဒါဝတ်ရှ်၏ ကဗျာကောက်နုတ်ချက်။
[၂] United Nations. (1948). Universal Declaration of Human Rights (Article 26). ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း။
[၃] Human Rights Watch Report.
[၄] UNICEF and UNESCO Joint Statement on Education in Gaza
