ဇွန် ၈ – ၂၀၂၆
SS (VOM)
ပဲခူးတိုင်းအတွင်းက ရေတာရှည်၊ ဆွာ၊ ကျောက်တံခါး၊ နတ်တလင်း၊ ညောင်လေးပင်နဲ့ အုတ်ဖိုမြို့နယ်တို့မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကြား စစ်ရေးအခြေအနေ တင်းမာမှုတွေရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းက ရေတာရှည်မြို့နယ်နဲ့ ဆွာမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အစိုးရတပ် စစ်ကြောင်းတွေ ဝင်ရောက်နေတယ်လို့ သိရပြီး လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေကိုပါ အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
“စစ်တောင်းမြစ် အရှေ့ဘက်ဒေသ တောက်လျှောက်မှာ တိုက်ပွဲတွေ ဖြစ်နေတာ။ ကျေးရွာတွေထဲကို လက်နက်ကြီး ခဏခဏကျတယ်။ မြေပြင်မှာ တိုက်ပွဲပြင်းထန်ရင် ပြင်းထန်သလို လေယာဉ်နဲ့လာပြီး တိုက်ခိုက်တာတွေလည်း ရှိတယ်။ အဖမ်းအဆီးတွေလည်း ရှိတယ်၊ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် လူထိခိုက်၊ သေဆုံးတာတွေလည်း ဘယ်သူမှ ရွာထဲမနေရဲကြဘူး။ အကုန်နီးပါး ရှောင်နေကြရတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ရေတာရှည်မြို့နယ်၊ ဆွာမြို့နယ်ခွဲအတွင်း ဆွာမကြီး (ဆွာရွာမ)၊ အုတ်မြေတူး အပါအဝင် အနီးအနားရှိ ကျေးရွာပေါင်း ခြောက်ရွာဝန်းကျင်မှ ဒေသခံတွေအပြင် ပိတောက်ကုန်း၊ အုတ်မြေလူး၊ ဆီဆိုင်၊ အေးရွာလေး၊ ကျွန်းကုန်း၊ ရေတာရှည်လေး၊ ရေငံ၊ အင်းကြီးပေါက်၊ ခင်တန်းရွာသစ်၊ ကံလှ၊ ဂွေးသဲ၊ တောင်အင်းကုန်း၊ ကြာအင်းကုန်း၊ ကြိတ်ပုတီး စတဲ့ ကျေးရွာပေါင်း ၁၅ ရွာနီးပါးက ဒေသခံတွေဟာ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
ဒါအပြင် အစိုးရတပ်ဟာ ကျောက်တံခါးမြိုနယ်အတွင်းရှိ ကျေးရွာအုပ်စုဘက်မှာလည်း ပြီးခဲ့တဲ့ မတ်လကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ရေးအရှိန်မြှင့်တင်ကာ ထိုးစစ်ဆင်နေတဲ့အတွက် အခုဇွန်လအထိ ဒေသခံ တသောင်းဝန်းကျင်၊ နေရပ်စွန့်ခွာနေရပြီး လူထိခိုက် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အစိုးရတပ်တွေဟာ လက်ရှိမှာ ကျောက်တံခါးမြိုနယ်အတွင်းက ရေတွင်းကုန်း၊ ရွာမ၊ ဘုရားငုတ်တို၊ အလှိင်နဲ့ သမင်အင်းကုန်းကျေးရွာတွေမှာ ဝင်ရောက် တပ်စွဲထားကာ စစ်တောင်းမြစ်အရှေ့ခြမ်းက ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ စိုးမိုးနယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
အစိုးရစစ်ကြောင်းနဲ့အတူ လေကြောင်း တိုက်ခိုက်မှာတွေလည်း ရှိနေတာကြောင့် ကြိမ်ခါးကုန်း၊ သင်နှီးခေါင်၊ သရက်အုပ်၊ အင်းကုန်း၊ ကျောင်းစိုး၊ ရွာသာယာ၊ ဆေးရိုးခင်း၊ အုန်းနှဲရိုးနဲ့ ဘုရားကုန်း အစရှိတဲ့ကျေးရွာတွေက ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“အမြန်လမ်းဟောင်းနဲ့ ပဲနွယ်ကုန်း အနီးဝန်းကျင်က ကျေးရွာတွေပေါ့။ ရွာလုံးကျွတ်နီးပါး ရှောင်နေကြရတာ။ လူဦးရေက မှန်းခြေ တသောင်းဝန်းလောက်ရှိမယ်။ အများစုက နီးစပ်ရာ ကျေးရွာတွေထဲ လှည့်ပတ်ပြီး ရှောင်ကြတယ်။ တောလမ်းတွေထဲလည်း ရှောင်ကြတဲ့သူတွေရှိတယ်။ ငွေကြေးတတ်နိုင်တဲ့ တချို့ကတော့ မြို့ပေါ်ကို ရှောင်သွားကြတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ပဲခူးတိုင်း (အနောက်ခြမ်း) က သာယာဝတီခရိုင်၊ အုတ်ဖိုမြို့မှာလည်း အစိုးရတပ်က စစ်ကြောင်းတွေ ဖြန့်ကျက်ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားမှုတွေရှိနေပြီး နေအိမ် ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန် – ပြည်ကားလမ်းရဲ့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာ၊ ပဲခူးရိုးမတောင်ခြေအနီးရှိ ကျေးရွာတွေကို အုတ်ဖိုမြို့နယ်အခြေစိုက်၊ တိမ်မြုပ်ရွာ အမှတ် (၆) ခြေမြန်တပ်ရင်းက မေလ ၁၈ ရက်နေ့မှစတင်ကာ အင်အားအများအပြားပါဝင်တဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းရေး ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ရန်ကုန် – ပြည်လမ်းရဲ့ အရှေ့ဘက်၊ ပဲခူးရိုးမတောင်ခြေအနီး နတ်တလင်းမြို့နယ်မှာလည်း အစိုးရတပ် စစ်ကြောင်းက လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုကာ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်နေသလို ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေနဲ့ ထိစပ်နေတဲ့ ညောင်လေးပင်ခရိုင်မှာလည်း အစိုးရတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား စစ်ရေး ပြင်းထန်နေတယ်လို့ သိရပါတယ်။
Photo – CJ
