ဇွန် ၈ ၊ ၂၀၂၆
CC (VOM)
ပဲခူးတိုင်း အနောက်ပိုင်း ၊ ပြည်ခရိုင်မှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးနေတဲ့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ရရှိဖို့အတွက် ကျေးရွာတာဝန်ခံဆိုသူတွေက တောင်သူတွေကို ငွေကြေး မတန်တဆ တောင်းယူမှုတွေ ဖြစ်ပွားနေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။
စိုက်ပျိုးစရိတ်ချေးငွေထုတ်ဖို့အတွက် စာရွက်စာတမ်းဖိုး နဲ့ သီးနှံအာမခံကြေး ဆိုပြီး လယ် တဧက ကနေ ငါးဧကအထိကို ၁၇၀၀၀ ကျပ် နူန်း ၊ လယ်ငါးဧကအထက်ချေးငွေရယူမယ့်သူတွေကိုတော့ အများဆုံး ၃၀၀၀၀ ကျပ်အထိ တောင်းခံနေတာ ဖြစ်တယ်လို့ သိရပါတယ်။
” သီးနှံအာမခံကြေးရောပါတယ် ပြောတယ်။အာမခံကြေးကဘယ်လောက် စာရွက်စာတမ်းကြေးက ဘယ်လောက်ဆိုပြီး ပြောတာတော့မရှိဘူး ။ စာရွက်စာတမ်းဖိုးကတော့ ဘဏ်ကိုတင်ပြရတဲ့ စာရွက်စာတမ်းဖိုး ၊ ချေးငွေထုတ်မယ်ဆိုရင် စိုက်ပျိုးရေးတို့ မြေစာရင်းဌာနတွေက လက်မှတ်တွေလည်း လိုတယ်။ အဲဒါတွေကို ရွာတာဝန်ခံက အကုန်လုပ်ပေးရတဲ့အတွက် ငွေတောင်းတဲ့အခါ သီးနှံအာမခံရော အကုန်ပေါင်းတောင်းတယ် ပြောတယ်။ အဲဒီလို သူကိုမပေးချင်ရင် ကိုယ်တိုင် ချေးငွေလျှောက်လွှာတင်တာ လိုတဲ့လက်မှတ်တွေလိုက်ထိုးပြီး လုပ်လို့ရတယ် ပြောပေမယ့် မလွယ်ဘူးလေ။ အဲဒီတော့ သူ့ကိုပဲတောင်းသလောက်ပေးလိုက်တာ။အခုသူတို့တောင်းတာက တဧကသမားလည်း ၁၇၀၀၀ ပဲ ။ ငါးဧကအထိ ၁၇၀၀၀ တောင်းတယ်။ ငါးဧကကျော်ရင် ၂၀၀၀၀ ကျော်ပဲ ။ အဲလောက်ကြီးကျများတာပေါ့ ။တနှစ်ထက်တနှစ်ပိုတက်လာတာ ။ ” လို့ တောင်သူတယောက်က ပြောပါတယ်။
ဒီနှစ်မှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူတွေကို မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေအဖြစ် တဧကကို ၃ သိန်းကျပ်နူန်း ထုတ်ချေးပေးနေတာဖြစ်ပါတယ်။
သီးနှံအာမခံကြေးအနေနဲ့ ဘဏ်ကနေထုတ်ချေးပေးတဲ့ တဧက ငွေကျပ် ၃ သိန်းအပေါ် ၂ ရာခိုင်နူန်းကောက်ခံတာဖြစ်လို့ သီးနှံအာမခံကြေးက တဧကကို ၆၀၀၀ ကျပ်နူန်းကျသင့်တယ်လို့ မြန်မာ့အာမခံက သိရပါတယ် ။
ဒါကြောင့် အခုပြည်ခရိုင်ထဲက ကျေးရွာအုပ်စုတချို့မှာ ကောက်ခံနေတဲ့ ဘဏ်ထုတ်ဖို့အတွက် အခကြေးငွေနဲ့သီးနှံအာမခံကြေး ဆိုတဲ့နူန်းဟာ သတ်မှတ်ချက်မရှိဘဲ ကောက်ခံနေတဲ့သဘောဖြစ်နေတာကို တွေ့ရပါတယ်။
” သီးနှံအာမခံက တောင်သူတွေ ဧကအပြည့်ထားကြတာ သိပ်မတွေ့ရပါဘူး ။ တဝက်လောက်ပဲထားကြတယ်။ သီးနှံအာမခံ မဖြစ်မနေထားရမယ်လို့လည်း မဟုတ်ပါဘူး ။တောင်သူ ထားချင်မှ ထားလို့ရပါတယ်။ ဘဏ်ကလည်း ငွေမကောက်ပါဘူး ။ တောင်သူကိုယ်တိုင် အာမခံထားရတာပါ။ ” လို့ သီးနှံအာမခံစနစ်နဲ့ ပတ်သက်လို့ မြန်မာ့အာမခံက တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ငွေကြေးကောက်ခံမှုကို ဘဏ်ကနေညွှန်ကြားပြီး ကောက်ခံခိုင်းတာမျိုးလည်းမဟုတ်ကြောင်း ၊ ကျေးရွာအုပ်စုအလိုက် ဘဏ်ချေးငွေထုတ်ချေးခြင်းဆိုင်ရာကိစ္စကို တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ကျေးရွာတာဝန်ခံဆိုသူက ကောက်ခံတာ ဖြစ်တယ်လို့ သိရပါတယ် ။
အခုလို ဘဏ်ချေးငွေထုတ်ချေးမယ့်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ နီးစပ်သူက ” ဘဏ်ကတော့ ဖောင်လည်း အလကားပေးတာပါ ။ငွေကြေးကောက်တာမရှိပါဘူး ။အဲဒီကျေးရွာတာဝန်ခံဆိုတာလည်း ဘဏ်ကတရားဝင်လုပ်ခွင့်ပေးထားသူတွေမဟုတ်ပါဘူး ။ကျေးရွာနဲ့ဘဏ်ကြားမှာ နားလည်မှုနဲ့လုပ်နေတာပါ ။ သူတို့နဲ့ ချိတ်ဆက်မထုတ်ချင်ရင် တောင်သူကိုယ်တိုင် ချေးငွေထုတ်ချေးဖို့ ဖောင်တင်လို့ရတယ်။လိုအပ်တဲ့ ထောက်ခံချက်လက်မှတ်တွေလိုက်ယူရမယ်။ အချက်အလက်ပြည့်စုံရင် ထုတ်ပေးပါတယ် ။ အရင်လည်း ဒါမျိုးတွေရှိလို့ တောင်သူတွေကို မတရားမတောင်းဖို့ ခေါ်သတိပေးတာရှိတယ်။ ” လို့ ပြောပါတယ်။
ဒါကြောင့် အခုကျေးရွာဘက်မှာ ချေးငွေထုတ်ခနဲ့ သီးနှံအာမခံကြေးဆိုပြီး ကောက်ခံနေတဲ့နူန်းက မြန်မာ့အာမခံက သတ်မှတ်ထားတဲ့ အာမခံကြေးနူန်းအရဆိုပါက သီးနှံအာမခံ အကျုံးဝင်တဲ့ လယ်ဧက အလွန်နည်းပြီး မိုးလေဝသကြောင့် လယ်တွေပျက်စီးပါက အာမခံလျော်ကြေးရမယ့် အခြေအနေပင်နည်း တဲ့အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။
သီးနှံအာမခံထားတဲ့ တောင်သူတွေဟာ မြန်မာ့ အာမခံလုပ်ငန်းကသတ်မှတ်ထားတဲ့ မိုးရေချိန်နည်းခြင်းများခြင်း၊ ရေကြီးနစ်မြုပ်ပျက်စီးခြင်း ဖြစ်ပါက တောင်သူတွေအနေနဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှချေးငွေရယူထားတဲ့ စိုက်ပျိုးရေး ချေးငွေကို ပြန်ဆပ်ဖို့မလိုဘဲ မြန်မာ့အာမခံလုပ်ငန်းက လျော်ကြေးအဖြစ် ပြန်ဆပ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ – တောင်သူ
