ဖားကန့်မှာ စုဆောင်းရေးဆွဲခံရပြီး ပြန်လွတ်လာတဲ့ ကျောင်းသူရဲ့ ကျန်းမာရေး စိုးရိမ်နေရဆဲ

ဇွန် ၈၊ ၂၀၂၆
Shy V (VOM)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စုဆောင်းရေးဆွဲခံရပြီး ဒဏ်ရာတွေနဲ့ ပြန်လည်ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကျောင်းသူရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်နေရဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကလေးမလေးရဲ့ အခြေအနေက တော်တော်ဆိုးနေတယ်။ အမြန်ဆုံး ဆေးရုံကြီးတွေဘက်ပြောင်းပြီး ကုသပေးစေချင်တယ်။ နှစ်ပတ်ကျော်လာပြီ ဖြစ်ပေမယ့် သက်သာလာတဲ့ အခြေအနေမတွေ့ရသေးဘူး” လို့ မိသားစုနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
မျက်စိလည်း ကောင်းကောင်း မမြင်သလို ထိုင်လည်း မထိုင်နိုင်၊ စကားလည်း ကောင်းကောင်းမပြောနိုင်တော့ပဲ အတွင်းကြေ ဒဏ်ရာရှိနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
“သူငယ်ချင်းနာမည် တလုံးတလေ ခေါ်တယ်။ သူ့အမေနဲ့ အဒေါ်ကို ခေါ်တယ်။ အဲဒါကလွဲရင် စကားမပြောဘူး။ ရေသောက်ချင်တာတို့ သေးပေါက်ချင်တာတို့ ဆိုရင် သူ့အမေနဲ့ အဒေါ်ရဲ့ လက်ဖဝါးပေါ်မှာ လက်နဲ့ စာရေးတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မျက်စိအမြင်လည်း မှုန်ဝါးနေပြီး မိခင်နဲ့ အဒေါ်ကိုပင် အသံနဲ့သာ ခွဲခြားသိရှိနေပုံရတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် လမ်းလည်း မလျှောက်နိုင်သေးသလို တံခါးဆောင့်ပိတ်သံတွေ၊ ဆူညံသံတွေ၊ ယောက်ျားလေးသံတွေ၊ အော်ဟစ်သံတွေ ကြားရင် ထိတ်လန့်ပြီး ခန္ဓာကိုယ်တုန်ယင်နေတာမျိုး ဖြစ်နေတာကြောင့် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
ဒေသခံအချို့က KIA ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားခဲ့တာကြောင့် KIA နဲ့ ဆက်စပ်သူတွေ ကျူးလွန်ခဲ့တာလို့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပေမယ့် အဲဒီစွပ်စွဲချက်တွေကို အတည်ပြုနိုင်ခြင်း မရှိသေးသလို KIA ဘက်ကလည်း တရားဝင် ထုတ်ပြန်ချက် မရှိသေးပါဘူး။
လက်ရှိမှာတော့ ဒေသခံ ရဝမ်ရိုးရာယဉ်ကျေးမှုတာဝန်ရှိသူတွေက အမှုမှန်ပေါ်ပေါက်ရေး၊ တာဝန်ယူမှုနဲ့ တာဝန်ခံမှု ရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တင်ပြထားကြောင်း သိရပါတယ်။
အဲဒီ ကျောင်းသူဟာ မေလ ၂၈ ရက်နေ့က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုမှာ သူငယ်ချင်းနဲ့မုန့်စားဖို့ ထွက်သွားရာက စုဆောင်းရေးဆွဲခံရပြီး ညပိုင်းမှာ ဒဏ်ရာတွေနဲ့ နေအိမ်ကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW