ကျယ်ဂေါင် နယ်စပ်ဂိတ်က​နေ ပစ္စည်းအထွက် ပြန်တင်းကြပ်ထားတာကြောင့် ဂိတ်ဝမှာ တနိုင်တပိုင် ပစ္စည်းသယ်သူတွေ စုပုံ​​နေ

ဇွန် ၁၂၊ ၂၀၂၆
Shy V (VOM)
တရုတ်-မြန်မာနယ်စပ် မူဆယ်-ကျယ်ဂေါင် နယ်စပ်ဂိတ်မှာ ဒီရက်ပိုင်း ပစ္စည်းအထွက် ပြန်လည်တင်းကြပ်ထားတာကြောင့် ဂိတ်အဝင်အထွက်မှာ တနိုင်တပိုင် ပစ္စည်းသယ်တဲ့ လူအများအပြား စောင့်ဆိုင်းနေရသူများလို့ အခက်ကြုံ နေရတယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာ မူဆယ်ဘက်ကနေ ကျယ်ဂေါင်ဘက်ကို ဝင်ရောက်တဲ့ နန်းတော်ပေါက်မှာ အဝင်များပြီး လူအများအပြား စောင့်ဆိုင်းနေကြသလို ဆင်ဖြူပေါက် အထွက်ဂိတ်ဘက်မှာလည်း ပစ္စည်းသယ်ယူခွင့် စောင့်ဆိုင်းနေသူတွေ များပြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပစ္စည်းတွေက ပေးလိုက် မပေးလိုက်ဆိုတော့ တရက်စောင့်ရလို့ လူက ပိုကြပ်တာ။ အခုရက်ပိုင်း မိုးလည်းရွာတော့ လူတွေ ပိုဒုက္ခရောက်တယ်။ မိုးရွာလည်း လူများတယ်၊ မလွယ်ပါဘူး။ အရမ်းပင်ပန်းတယ်” လို့ နေ့စဉ် တနိုင်တပိုင် ပစ္စည်းသယ်တဲ့ အလုပ်လုပ်သူ နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။
မူဆယ်ကနေ ကျယ်ဂေါင်ဘက် အဝင် နန်းတော်ပေါက်လည်း လူအရမ်းများ သလို ဆင်ဖြူဘက် အထွက်မှာလည်း လူတွေက ပစ္စည်းမပေးရင် ရပ်စောင့်ကြရလို့ လူကြပ်ကာ ဒီရက်ပိုင်း ဂိတ်အဝင်အထွက် လူအရမ်းကျပ်တယ်လို့ သူက ပြောပါတယ်။
မြန်မာဘက်ခြမ်းမှာ ရက် ၁၀၀ စီမံကိန်းနဲ့ တရုတ်ပစ္စည်းတွေ ဖမ်းဆီးမှု များနေတာကြောင့် ပစ္စည်းသယ်ယူရမယ့် ကုန်တွေ ပါးကာ တနိုင်တပိုင် ပစ္စည်းသယ်က စားဝတ်နေရေး ဖြေရှင်းနေရတဲ့ နယ်စပ်ဒေသခံတွေရဲ့ ဝင်ငွေတွေပါ ကျဆင်းလာတယ်လို့ ဆိုပါတယ်။
“ပစ္စည်းက ပါးတော့ ကုန်သည်တွေကလည်း ဈေးနှိမ်တယ်။ အခုက တစ်ကီလိုကို ၁ ဒသမ ၂ ယွမ်ပဲ ရတော့တာ။ အမျိုးသမီးကြီးတွေဆိုရင် အတော်ကို မလွယ်ဘူး။ ကျနော်တို့က ကုန်သည်ရှိထားလို့ တော်သေးတယ်။ မဟုတ်ရင် ပစ္စည်းရှာရတာ မလွယ်ဘူး” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ နယ်စပ်ကုန်သယ်လုပ်ငန်း လုပ်ကိုင်သူတွေဟာ နံနက်အစောပိုင်းကတည်းက ဂိတ်ကို လာရောက်စောင့်ဆိုင်းရပြီး ခါတိုင်း တရက်ကို နှစ်ခေါက်ခန့် သယ်ယူနိုင်ခဲ့ပေမယ့် အခုရက်ပိုင်းမှာတော့ တခေါက်သာ လုပ်ကိုင်နိုင်တဲ့ အခြေအနေမျိုးတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။
“ကျနော်ဆိုရင် မနက် ၁ နာရီဆို ဆင်ဖြူပေါက်ရောက်ပြီ။ မနက် ၉ နာရီဝန်းကျင်လောက် မူဆယ်ပြန်ရောက်ပြီ။ ခါတိုင်း ၂ ခေါက်ဝင်တယ်။ ဒီရက်ပိုင်းက မဝင်နိုင်တော့ဘူး။ မလွယ်ဘူး။ တရက် နှစ်ခေါက် အဝင်အထွက်လုပ်ရင် အရမ်းပင်ပန်းတော့ ကြာရင် ကျန်းမာရေးတောင် ထိခိုက်လာတယ်” လို့ နယ်စပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မူဆယ်နယ်စပ်ဒေသခံ အများစုဟာ ကျယ်ဂေါင်ဘက်ကနေ မူဆယ်ဘက်ကို တနိုင်တပိုင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ လုပ်ငန်းကို အဓိက အလုပ်အကိုင်တခုအဖြစ် မှီခိုလုပ်ကိုင်နေကြသူတွေ အများအပြား ရှိနေပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးနေလို့ မြို့တွင်းအလုပ်တွေလည်း နည်းပါးတာကြောင့် အဲဒီလုပ်ငန်းကို အချိန်ပိုင်း ဝင်ရောက်လုပ်ကိုင်သူတွေလည်း များပြားတယ်လို့ ဆိုပါတယ်။
“မြို့ထဲမှာလည်း အလုပ်က သိပ်မရှိဘူး။ ဒီအလုပ်က ကိုယ်အားတဲ့အချိန် ဝင်လုပ်လို့ရတယ်။ အဲဒါကြောင့် လူတော်တော်များများ လုပ်ကြတာ။ အခုလို ဂိတ်ကြပ်တာတို့ ပစ္စည်းပါးတာတို့ ဖြစ်လာရင်တော့ ဝင်ငွေက ထိခိုက်တာပေါ့” လို့လည်း သူကပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ နယ်စပ်ဂိတ် အဝင်အထွက် ကျပ်တည်းမှုနဲ့ ပစ္စည်းသယ်ယူခွင့် ကန့်သတ်ချက်တွေ ဆက်လက်ရှိနေမယ်ဆိုရင် နယ်စပ်ကုန်သယ်လုပ်ငန်းကို မှီခိုလုပ်ကိုင်နေတဲ့ တနိုင်တပိုင် အထမ်းသမား နေ့စားလုပ်သားတွေရဲ့ စားဝတ်နေရေး ပိုမိုခက်ခဲလာနိုင်တယ်လို့ ဆိုပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW