ဆီဒိုးနားဟိုတယ်ပေါ်က ခုန်ချခဲ့တဲ့ အမျိုးသားဟာ သူ့ချစ်သူမိန်းကလေးကို -တ်ပြီးမှ ဟိုတယ် ၂၉ လွှာကနေ ခုန်ချခဲ့ခြင်းဖြစ်

ဇွန် ၁၁ ၊၂၀၂၆
GG (VOM)
ရန်ကုန် ၊ဆီဒိုးနားဟိုတယ်ပေါ်ကနေ ခုန်ချခဲ့တဲ့ အမျိုးသားဟာ လှိုင်သာယာက သူရဲ့ချစ်သူမိန်းကလေးကို သတ်ဖြတ်ခဲ့ပြီးနောက်မှာမှ ဆီဒိုးနားဟိုတယ်ရဲ့ အမြင့်ဆုံး ၂၉ လွှာကနေ ခုန်ချခဲ့တာ ဖြစ်တယ်လို့ လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ် ။
မနေ့က ဇွန် ၁၀ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ အမျိုးသားက ဆီဒိုးနားဟိုတယ်ရဲ့ ၂၉ လွှာကနေ ခုန်ချခဲ့တာ ဖြစ်ပြီး ၊ ခုန်ချခဲ့တဲ့ ၂၉ လွှာ ကို တာဝန်ရှိသူတွေက စစ်ဆေးခဲ့ရာကနေ ၂၉ လွှာအရေးပေါ်ထွက်ပေါက်ရဲ့ တံခါးဘောင်ပေါ်မှာ ဖုန်းနှစ်လုံး၊ စာတစောင်နဲ့ ကားမောင်းလိုင်စင်တခုကို တွေ့ရှိရတယ်လို့ သိရပါတယ်။
အဲဒီစာထဲမှာရေးသားထားတဲ့ အချက်အလက်တွေအရ အဆိုပါ အမျိုးသားဟာ အမျိုးသမီးတယောက်ကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရတာဖြစ်ပြီး အသတ်ခံရတဲ့ အမျိုးသမီးကတော့ လှိုင်သာယာမြို့နယ်၊ မိန်ကျယ်အထည်ချုပ်စက်က စီမံကိန်းမန်နေဂျာ မရှုလင် ဆိုသူဖြစ်တယ်လို့ သိရပါတယ်။
အဲဒီစာထဲမှာ ရေးသားထားတာက “လေးစားရပါသောရဲအရာရှိများခင်ဗျား ။ကျွန်တော် ကိုတင်စိုးသည် ချစ်သူ မရှုလင်ကိုသတ်မိတဲ့အတွက် ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ဆုံးဖြတ်တာပါ။ လှိုင်သာယာအရှေ့ပိုင်းမြိုနယ်၊၆ ရပ်ကွက်၊ ပုဂံလမ်း၊ နဝဒေးအိမ်ယာ၊ Block ၂၀၊ ခြံနံပါတ် ၃ အိမ်မှာချစ်သူရဲ့အလောင်းရှိပါတယ်၊ သွားသယ်ပေးပါ၊ သူနဲ့ချစ်တာ ၇ လကျော်ပါပြီ၊ ကမ္ဘာသိပတ်ဝန်း ကျင်သိပြီးမှ သူကလမ်းခွဲဖိုပြောလို့ စိတ်မထိန်းနိုင်ပဲ သတ်မိတာပါ ။ သူမနဲ့အတူ အပေါ်ထပ်မှာသေဖို့ အိမ်သာထဲမှာ ကြိုးဆွဲချသတ်သေဖို့ ကြိုးစားတာမအောင်မြင်ခဲ့ပါဘူး။ အရာရာအားလုံးကိုတောင်းပန်ပါတယ် ။ နောင်တများစွာနဲ့ ။ ” လို့ သိရပါတယ်။”
စာထဲမှာရေးသားထားတဲ့ လိပ်စာအတိုင်း ရဲတပ်ဖွဲ့က လှိုင်သာယာ ၊ နဝဒေးအိမ်ယာကို သွားရောက်ရှာဖွေရာမှာ မြေညီထပ်မှာ အမျိုးသမီးတယောက် ဓားဒဏ်ရာတွေနဲ့ အသတ်ခံထားရတာကို တွေ့ရှိခဲ့ရတာ ဖြစ် တယ်လို့ သိရပါတယ်။
” သူရေးခဲ့တဲ့ စာအရ လိုက်တာမှာ အသတ်ခံထားရတဲ့အမျိုးသမီးကို တွေ့ရတယ် သိရတယ် ။ ခုန်ချတဲ့အမျိုးသားက ရှမ်းမြောက် တာမိုးညဲအထူးဒေသက မုန်းဝန်းလူမျိုး အမျိုးသားပါ ။ ရဲကတော့ သူ့လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူဖို့လုပ်နေတယ်။ အမျိုးသမီးအသတ်ခံရတဲ့အခြေအနေကတော့ သေချာမသိရသေးဘူး ။ ” လို့ လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူ ကပြောပါတယ်။
ဆီဒိုးနားဟိုတယ်ပေါ်က ခုန်ချခဲ့တဲ့ အမျိုးသားရုပ်အလောင်းကိုတော့ စံပြဆေးရုံကြီးကို မနေ့ကတည်းက မိုးစေတနာ ပရဟိတအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – မိုးစေတနာအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW