ဆူးငှက်
မင်္ဂလာရက်မြတ်ပေ
———————-
ထိုစဉ်ကာလ မင်္ဂလာဆောင်ဆိုလျှင် အိမ်ရှေ့၊ ဒါမှမဟုတ် အိမ်နှင့် အနီးဆုံး ကွက်လပ်မှာ မဏ္ဍပ်ထိုးကြသည်။ မင်္ဂလာမဆောင်ခင် ၇ ရက်ကြိုပြီး မဏ္ဍပ်တိုင်ထူ၊ ကန်တော့ပွဲ ထိုးကြ၏။ ထိုရက်ကတည်းက မင်္ဂလာရှင်အိမ်မှာ မင်္ဂလာပွဲအတွက် ပြင်ကြ ဆင်ကြပြီ။ နယ်က အမျိုးတွေလည်း သတို့သား သတို့သမီးအိမ်ကို ရောက်ကုန်ကြပြီ။ ဖိတ်ကြားဖို့အတွက်လည်း စီစဉ်ကြပြီ။ ရပ်ကွက်ထဲကာ လူပျို၊ အပျိုတွေကို လက်ကိုင်ပုဝါလေးနှင့် ဧည့်ခံဖို့ ဖိတ်ပြီးပြီ။ မင်္ဂလာဆောင်ရက် နီးလာလေလေ လာသမျှလူ ဧည့်ခံရလေလေပါပဲ။ မင်္ဂလာဆောင်နှင့် နှစ်ရက် အလိုမှာ မဏ္ဍပ်ထိုးပါပြီ။ မဏ္ဍပ်အတွက်လည်း ကန်တော့ပွဲ ထိုးရတာပေါ့။ မဏ္ဍပ်သမားတွေကိုလည်း ကျွေးရ မွေးရ သေးတာပေါ့။
ထိုကတည်းက ရပ်ကွက်ထဲမှာ ဓည့်ခံဖို့ ဖိတ်ကြားထားသော လူပျို၊ အပျိုတွေက အလုပ်နားပြီး မင်္ဂလာရှင်၏ အိမ်တွင် လိုတာဝိုင်းကူဖို့ ရောက်လာကြပြီပေါ့။ ညမှာဆို အောင်သပြေတွေ၊ ရွှေပန်း၊ ငွေပန်းတွေနှင့် ကမ်းပန်းတွေ စည်းကြပြီ။ လက်ဖွဲ့ပြန်မည့် ပစ္စည်းတွေ ပြင်ဆင်ကြပြီ။ လက်ဖွဲ့ပြန်ဆိုသည်မှာ မင်္ဂလာဆောင်ကို လာ၍ လက်ဖွဲ့သူများ အတွက် မင်္ဂလာရှင်တွေက အမှတ်တရ ပစ္စည်းများပြန်ပြီး လက်ဆောင်ပေးခြင်း ဖြစ်သည်။ တချို့ဆိုလျှင် မျက်နှာသုတ်ပုဝါများ ပြန်သည်။ တချို့က ပန်ကန်ပြား၊ ပန်ကန်လုံး၊ အချိုစုံ ပန်းကန်တွေ ပြန်သည်။ နောက်ပိုင်းမှာတော့ မင်္ဂလာသတို့သား သတို့သမီး နာမည်ပါသော စက္ကူယပ်တောင်တွေ ကမ်းကြသည်။ ဒါကလည်း စစ်ပြီးခေတ် နောက်ပိုင်း မန္တလေးဝါးတန်းရပ်က ဦးဘခြုံ ဇနီး ဒေါ်ဉာဏ်ဉာဏ်တို့က စတင် တီထွင်ခဲ့သည်ဟု သိရသည်။ မင်္ဂလာဆောင်မှာ သာမက အလှူမှာပါ ယပ်တောင် ပြန်၍ ကမ်းကြသည်။
မင်္ဂလာ ခန်းမ တွေ ပေါ်လာပုံ
——————————-
နောက်ပိုင်းမှာတော့ မဏ္ဍပ်နဲ့ဆောင်ဖို့ လမ်းပိတ်မိန့်ကို မြူနီစီပယ်ထံ လျှောက်လွှာတင်၍ တောင်းခံရ။ မီးရေးထင်းရေး အတွက် စိုးရိမ်ရတာတွေ များလာတော့ မဏ္ဍပ်မထိုးကြတော့ဘဲ ခန်းမတွေမှာပဲ မင်္ဂလာဆောင် ကြသည်။ မန္တလေး ၂၆ ဘီလမ်း၊ ၈၁လမ်းနှင့် ၈၂လမ်းကြားမှာ ယူနီဗာဆယ် ကိတ်မုန့်တိုက် ဆိုတာရှိ၏။ ထိုနေရာမှာ ခန်းမရော၊ မိုင်လို၊ အိုဗာတင်း၊ ကော်ဖီ၊ လက်ဖက်ရည်၊ ကိတ်မျိုးစုံရော တစ်နေရာတည်း အဆင်ပြေတာမို့ ယူနီဗာဆယ်မှာပဲ မင်္ဂလာဆောင်ကြသည်။ ဒါပေမယ့် တီးဝိုင်းလိုမျိုးတော့ ထည့်လို့မရ။ ဧည့်ခံသီချင်းကို တိတ်ရီကော်ဒါတွင် ဆောင်းဘောက်၊ စပီကာနှင့် ဖွင့်ပေးသည်။ နောက်ပိုင်း ဈေးချို နာရီစင် နားမှာ မြို့တော်ခန်းမ ၂ ဆိုတာပေါ်ပေါက်လာသည်။ ထိုနေရာက ကျယ်ဝန်းပြီး တီးဝိုင်းတွေလည်း ထည့်လို့ရသည်။ နောက်… မြို့တော်ခန်းမ ၃ ဆိုတာလည်းရှိလာသည်။ မြို့တော်ခန်းမ ၁ ကတော့ မြူနီစီပယ်ရုံးကြီးနှင့် တွဲရက်ပေါ့။ နဂိုကတည်းက ရှိပြီးသား။ ခန်းမ ၁ ကတော့ အရာရှိ အရာခံတွေ ကြေးရေတက် မြို့မိမြို့ဖသားသမီးများ၏ မင်္ဂလာပွဲများ ကျင်းပသည်။
ထို့ပြင် ညနေပိုင်းဥယျာဉ်နှင့် မင်္ဂလာဆောင်တယ် ဆိုတာလည်း ခေတ်စားပါသေးသည်။ လမ်းပေါ်မှာ ဆေးရောင်စုံနဲ့ ဝရံတာလေးတွေ၊ ပေါင်းကူးလေးတွေ၊ ပန်းစင်လေးတွေ ချက်ချင်းဆင်၊ ပန်းအိုးတွေချ၊ မီးတွေဆင်ပြီး ဥယျာဉ်လေးအသွင် ဖန်တီးပြီး စားပွဲ ကုလားထိုင် ခင်းကာ မင်္ဂလာပွဲ ဆင်နွှဲကြသည်။ တတ်နိုင်သူတွေက ဥယျာဉ်မှာ မြားနတ်မောင် ရုပ်လုံးလေးတွေ ရေပန်းတွေပါ ထည့်ဆင်ကြပြီး ဧည့်ခံ တီးဝိုင်း များလည်း ထည့်ကြ၏။
ဘယ်လို မင်္ဂလာဆောင်မလဲ
——————————
ထို့ကြောင့် မင်္ဂလာဆောင်မည်ဆိုလျှင် မဏ္ဍပ်နှင့်ဆောင်မလား၊ ခန်းမမှာဆောင်မလား၊ ညာဉ့်ဦးပိုင်း ဥယျာဉ်နှင့် ဆောင်မလား ဒါပဲရှိသည်။ ကျွန်တော်ကတော့ ထို၃မျိုးစလုံးနှင့် မဆောင်ချင်။ အတတ်နိုင်ဆုံး အလုပ်မရှုပ်စေဘဲ မင်္ဂလာပွဲ ပြီးမြောက်စေချင်သည်။ ဒါက ကျွန်တော့် သဘောထားလေ။ ကျွန်တော့ မိဘများကလည်း ကျွန်တော့်သဘောအတိုင်း လိုက်လျောမည်ဟု ပြောထားသည်။
ဒါဖြင့် ကာယကံရှင် သတို့သမီး သဘောထားကရော၊ သူကလည်း ပွဲနေပွဲထိုင် ဝတ်တာစားတာ ဝါသနာမပါလှ။ အထူးသဖြင့် ဆံထုံးကြီးထုံး၊ ရင်ဖုံးအင်္ကျီကြီးဝတ်၊ ချိတ်ထမီကြီးနှင့် ကတ္တီပါတော်ပုံ ဖိနပ်ကြီးစီး မိတ်ကပ်အထူကြီးမှာ ချွေးဒီးဒီးကျ ဖြစ်ရမှာလည်း သူက မကြိုက်လှ။ ပေါ့ပေါ့ပါးပါးပဲ နေချင်တာတဲ့။ ဒါကြောင့် မဏ္ဍပ်တွေ ခန်းမတွေ ဥယျာဉ်တွေနှင့် မင်္ဂလာဆောင်ကို သဘောမတွေ့ဘူးတဲ့။ ထိုအခါ ကျွန်တော့်အကြိုက် သူ့အကြိုက်ပဲ စီစဉ်ဖြစ်သည်။ သူ့အန်တီတွေက ကျွန်တော်တို့ အစီအစဉ်ကို မကြိုက်လှသော်လည်း အကြောက်အကန်တော့ မငြင်းကြ။ အရေးအကြီးဆုံးဖြစ်သည့် အဖေကြီးဦးလှဖေကို ကျွန်တော်က ဘုရားခန်းပေါ်တက်၍ ကျွန်တော်တို့ အစီအစဉ်ကို ပြောပြသည်။ အဖေကြီးကလည်း သဘောတူသည်။ ထိုအခါ ကျွန်တော်က ဖိတ်စာကို စီစဉ်ရတော့တာပေါ့။ ဖိတ်စာကလည်း ကျွန်တော်က အရပ်ထဲရှိ ဇေယျာထွန်းပုံနှိပ်တိုက်၊ မြိုင်ပုံနှိပ်တိုက်လိုမျိုး အဆင်သင့်ရှိ ဖိတ်စာအဖုံးတွင် စာသားထည့်တာမျိုး မလုပ်ချင်။ ကျွန်တော်စိတ်ကူးထားသည့် ဖိတ်စာပုံစံကို တောက်လျှောက် စီစဉ်ရတော့သည်။
စောင်ရေ ၁၀၀ ပဲ ရိုက်တဲ့ ဖိတ်စာ
————————————
ကျွန်တော်က ငယ်စဉ်ကတည်းက ပန်းချီဝါသနာပါတာ အားလုံးသိပြီးပါပြီ။ အထူးသဖြင့် ဆရာ မောင်အေးမြင့် (မြန်မာ့ရိုးရာဒီဇိုင်း) တို့ ဆရာမောင်ဝင်းမောင် (တမ္ပဝတီ) တို့ ၏ ပန်းချီဒီဇိုင်းတွေကို အထူးနှစ်သက် မြတ်နိုးခဲ့သည်။ ထိုအခါ ယခုကဲ့သို့ အခါအခွင့် သင့်ချိန်တွင် ကိုယ့် မင်္ဂလာဆောင်ဖိတ်စာ ဒီဇိုင်းကို ကိုယ့်စိတ်ကြိုက်ပဲ ဖန်တီးချင်သည်။ ဒီတော့ အသက်အရွယ် ငယ်ရွယ်စဉ် အချစ်စိတ်တွေ မိုးမွှန်ရတဲ့ကာလ၊ အချစ်အတွက်ဆို အသက်ပင်သေသေ ဆိုသည့်အရွယ်မှာ ထိုသရုပ်တွေ ပေါ်လွင်အောင် ကိုယ်မြတ်နိုးသော မြန်မာရိုးရာပန်းချီနှင့် မင်္ဂလာဆောင် ဖိတ်စာကို သရုပ်ဖော်မယ်ပေါ့…။ ဒါကြောင့် မြန်မာ့ရိုးရာမှာရှိပြီး အချစ်ကြီးသူ သင်္ကေတ ကိန္နရီ် ကိန္နရာမောင်နှံပုံကို ဇာတ်မင်းသား၊ မင်းသမီးက ကိန္နရီ ကိန္နရာ အဝတ်တန်ဆာများနှင့် သရုပ်ဖော်ကပြ နေသည့်ဟန်ကို ယူကာ ပုံထုတ်သည်။
““ချစ်သမျှကို မြင့်မိုရ်ရွှေတောင်လုံးသာပလေ….၊ လေးဆူဒီပါ…သီတာရေမြေဆုံးစေတော့လေ….” ဟု ဆိုသော စာသားထဲလို…။ နောက် “သံသာလေ ကမ်းတိုင်၊ တူပြိုင်လေကူးမယ်”ဟု ဆိုသော စာသားလို၊ “ရွှေဝန်းရံညီ၊ ကိန္နရီဖော်လဲ၊ ကွဲခဲ့ပြီလေး၊ သည် ပူဝန်ရေးငယ်နှင့်၊ မအေးတဲ့ပါပြီ၊ မူးချိန်မှီ” ဆိုသော စာသားတွေလိုပေါ့။ ထို ကိန္နရီ် ကိန္နရာမောင်နှံ၏ နောက်ခံမှာ တောတွေ၊ တောင်တွေ၊ မြစ်တွေ ချောင်းတွေကို ရိုးရာကောက်ကြောင်းနှင့် ရေးဆွဲသည်။ ထို့ပြင် သူရိန်နေမင်းနှင့် သီတဂူစန်းလတို့လည်း ယှဉ်တွဲပါရှိစေသည်။ မိုးကြီးလေကြီးမှာ ချောင်းခြားလို့ တစ်ည ဝေးရသည်ကိုပင် ရက်ပေါင်း၇၀၀ ဆွေးရတယ်ဆိုသည့် သဘောလည်း ပါစေချင်လို့ ဖြစ်သည်။
ထိုကောက်ကြောင်း ပန်းချီ ပုံရဲ့အောက်မှာ တွင်းသင်းမင်းကြီး၏ ဘလ္လာတိယ ပျို့ထဲက“ကာလမြင့်ခေါင်၊ သက်ဆုံးအောင်လျှင်၊ မြဲနှောင်မကွေ…၊ ချစ်ရိုသေလျက်၊ နေကြသောလား နှစ်ပါးစုံရန်၊ မျိုးကြင်တန်ကို၊ ထိုဟန်စိတ်ဖြူ၊ ချစ်နည်းယူလျက်…” ဟူသော စာသားကိုလည်း ထည့်လိုက်သည်။ ထိုဒီဇိုင်းလေးကို အနီ နှင့် ရွှေရောင် ရိုက်ပြီး အနက်ကျောစီး အရောင်ညွှန်းပြီး သူငယ်ချင်းကြီး ကိုမြင့်အောင်(မြို့မဘလောက်) က ကာလာခွဲကာ ဘလောက် ၃တုံးပြုလုပ်ပေးသည်။ ထို့နောက် လမ်း၃၀ ၈၄နှင့် ၈၅လမ်းကြားက ပုံနှိပ်တိုက်မှာ အတ်ကတ်နှင့် အစောင် ၁၀၀ ရိုက်သည်။ ထို့နောက် ကျွန်တော် ရေးသားပေးသော စာသားအတိုင်း ခံစာလုံးစီကာ ရွက်လှေတံဆိပ် စက္ကူဖြူတွင် အပြာရင့်နှင့် ရိုက်ပြီး အတွင်းမှာကော်ကပ်ညှပ်လိုက်၏။
တစ်ခုပါပဲ။ အတွင်းစာသားကို ကျွန်တော့်စိတ်ကြိုက်ရေးပြီး မခင်သော်ဇင်ကို ပြတော့ သူက ဘာမှတော့မပြော။ ကျွန်တော့် နာမည်နောက်မှာ ရခဲ့သည့် ဘွဲ့ကို ထည့်မထားလို့ သူက ထည့်စေချင်သည်။ သို့သော် အတင်းအဓမ္မ မပြော။ ကျွန်တော်ကလည်း သူထည့်စေချင်မှန်းသိသော်လည်း မထည့်။ ထို့နောက် အဖေကြီးဦးလှဖေက မောင်ကျော်ဆန်းရေ..၊ ကိုယ်တကယ်ရခဲ့တဲ့ ဂုဏ်ပုဒ်ကိုထည့်တာပဲ။ ထည့်ရမှာပေါ့၊ မခင်သော်ဇင်က သူ့အိမ်သားက ဘွဲ့ရ ပညာတတ် တစ်ယောက် ဆိုတာ ဒီဖိတ်စာမှာ သက်သေပြရမှာလေ ဟု ခေါ်ပြောမှ ကျွန်တော်လည်း ဘွဲ့ကို ထည့်လိုက်သည်။
ကိုင်း.. မိတ်ဆွေတို့ ကျွန်တော့် မင်္ဂလာဆောင် ဖိတ်စာလေး ဖတ်လိုက်ပါဦးနော်၊ အဲ့ဒီနေ့ကျရင်လည်း ကြွခဲ့ကြပါဦး။
လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
—————————————
မင်္ဂလာပွဲကို မဏ္ဍပ်နှင့်လည်း မဆောင်ချင်၊ ခန်းမမှာလည်း မဆောင်ချင်၊ ဥယျာဉ်နှင့်လည်း မဆောင်လိုဘဲ သံဃာတော် ၁၀ပါးကို ဆွမ်းကပ်ပြီး ပရိတ်တရားနာမည်။ ထို့နောက် ၂ဘက် မိဘများကိုယ်စား မင်္ဂလာသြဝါဒစကား ပြောကြားပြီး ၂ဘက်မိဘများကို ကန်တော့မည်။ ထို့နောက် ဖိတ်ကြားထားသော ဧည့်သည်များကို ဧည့်ခံကျွေးမွေးမည်။ အစီအစဉ်က ဒါပဲ ဖြစ်သည်။ အကျွေးအမွေးအစီအစဉ်က သံဃာတော်များနှင့် ပရိသတ်ကို ကြက်သားဒန်ပေါက်၊ ရေခဲမုန့်၊ ကိတ်မုန့်နှင့် လက်ဖက်တို့ဖြစ်သည်။ အပျိုရံမပါ၊ လူပျိုရံမပါ၊ ပန်းကမ်းမပါ၊ လက်ဖွဲ့ခုံမပါ၊ တီးဝိုင်းမပါ၊ အသံချဲ့စက်ပင် မပါရှိ။
ကျွန်တော်က ဖိတ်စာရသည်နှင့် အိတ်နှင့် အဆင်သင့်ထည့်ပြီး အဖေကြီးဦးလှဖေထံ သွားရောက်ကာ ဖိတ်စာစောင်ရေ ၅၀ကို အပ်လိုက်သည်။ ကျွန်တော်တို့ဘက်ကလည်း ဖိတ်စာစောင်ရေ ၅၀ ယူသည်။ ဖိတ်စာ ရိုက်သည်ကိုက အစောင်၁၀၀ပဲ ဖြစ်သည်။ အဖေကြီးဦးလှဖေက ဖိတ်စာ အစောင်၅၀ အပ်တော့ သေချာကြည့်ပြီး သဘောကျနေသည်။ ထို့နောက် သမီးဖြစ်သူ ဒေါ်စီသန်းကို လှမ်းခေါ်ပြီး “ဒီဖိတ်စာက ရပ်ကွက်ထဲ သိသိ မသိသိ အိမ်ပေါက်စေ့ လိုက်ဝေရမယ့် ဖိတ်စာ အမျိုးအစားမဟုတ်ဘူး မစီသန်း၊ ရပ်မိရပ်ဖနဲ့ လူကြီးလူကောင်းတွေပဲ ဖိတ်ရမယ်၊ အဖေကြီးဘက်က ဖိတ်ရမယ့် ပုဂ္ဂိုလ်စာရင်းလည်းပေးမယ်” ဟု ပြောသည်။
မင်္ဂလာ အခမ်းအနား ပြင်ဆင်ခြင်း
————————————
မင်္ဂလာဆောင်မည့်နေ့ မတိုင်မီ ဆွမ်းကပ် ဧည့်ခံမည့် သင်္ဘောတန်းအိမ် အပေါ်ထပ်ကို ရှင်းလင်းပြီး ကော်ဇောများ ခင်းခြင်း စာပွဲဝိုင်းများချခြင်းတို့ စီစဉ်သည်။ အထူးသဖြင့် အိမ်ဦးဘုရားဆောင်တွင် သီတင်းသုံးသော စူဠာမုနိ ရုပ်ရှင်တော်မြတ်ကို ဘုရားပန်းများ အသစ်ထိုးကာ ရောင်တော်လည်း ဖွင့်သည်။ အိမ်အပေါ်ထပ်တွင် မင်္ဂလာ အခမ်းအနားအနေနှင့် မှန်စီရွှေချ အုပ်ကြီးတွင် ကန်တော့ပွဲညွန့် ထိုးသည်။ မင်္ဂလာ ဒီကော်ရေးရှင်းက ဒါပဲလေ။ သည်လိုနှင့် အားလုံးပြင်ဆင်ပြီးတော့ ကန်တော့ပွဲညွန့်နှင့် သံဃာတော်များ သီတင်းသုံးမည့် နေရာ နောက်ခံက အိပ်ခန်းအပေါက်တွေ ဖြစ်နေသဖြင့် ညတွင်းချင်းပင် အလုပ်ရုံက ဥက္ကဋ္ဌကို ခွင့်တောင်းပြီး နီညိုရောင် ကတ္တီပါစ အသစ်ကို ငှားရမ်းကာ ခေါင်မှ ချိတ်ဆွဲ ကာရံလိုက်သည်။ ထို့နောက် ညဈေးမပိတ်မီ တစ်ဖက်ချောဂျပ်ဝယ်ခိုင်းကာ မင်္ဂလာမောင်နှံ နံမည်ကို ကိုယ်တိုင်ပဲ စာလုံးလှီးကာ ဆင်လိုက်သည်။ အားလုံးပြီးတော့ ည ၁၂နာရီ။
သတို့သမီးအတွက်တော့ အဝတ်အစား အသစ်ကို သူကြိုက်သလို ဝယ်ယူ ချုပ်လုပ်စေသော်လည်း သူက ထူးထူးခြားခြား မဝယ်။ သင့်တင့်ရုံနှင့် ရိုးရိုးပဲ ချုပ်လိုက်သည်။ မိတ်ကပ်ကိုလည်း သူ့အဒေါ်ဝမ်းကွဲက လိမ်းပေး၏။ ကျွန်တော်က အဘ၏ ပိုးပုဆိုးနှင့် ရှိပြီး လေးညှင်းရောင် အင်္ကျီလက်ရှည်အပေါ် ရှိပြီး တိုက်ပုံအဖြူလေး ဝတ်လိုက်သည်။ ဒါပါပဲလေ။ ဓာတ်ပုံ မှတ်တမ်းကတော့ ကိုကျော်ဝင်း(လှဂုဏ်ရည်) ပဲပေါ့။ ကိုကျော်ဝင်းနှင့် အတူ ကျွန်တော်နှင့်လည်း ရင်းနှီးသော ဓာတ်ပုံဆရာ ငွေလှိုင်းမောင်မောင်လေးလည်း လိုက်ပါ ရိုက်ကူးပေးသည်။ သံဃာတော်များ ပင့်သောအခါ ကျွန်တော်၏ ဆရာရင်းဖြစ်သော ဒက္ခိဏဝန်တိုက် ပွဲစားကျောင်းဆရာတော် ဦးပဏ္ဍဝံသ နှင့် အဘတို့ဘုန်းကြီး သဖန်းကျောင်း ဦးသုမန၊ ပုဂံတိုက် စိန်ရွှေရတနာကျောင်း ဆရာတော် ဦးဥတ္တမ၊ ဆွေမျိုးဘုန်းကြီး ရေပန်းတိုက် ဘုတလင်ကျောင်း ဆရာတော် ဦးသီရီဓမ္မ နှင့် အဖေကြီး ဦးလှဖေ၏ ဆရာဒကာ ဆရာတော် သံဃာတော် အပါး ၂၀ ဖြစ်သည်။
မင်္ဂလာပွဲလည်း အောင်ပါပြီ။
—————————–
မင်္ဂလာပွဲနေ့နံနက် ဆရာတော်များကို ဆွမ်းကပ် ပရိတ်နာ မင်္ဂလာတရားဟောကြားပြီး ၂ဘက်မိဘများ ကိုယ်စား အဖေကြီး ဦးလှဖေက ဆုံးမစကား ပြောကြားပါသည်။ ထို့နောက် ကျွန်တော့်ဘက်မှ ကဗျာဆရာဇော်ပုလဲ က မင်္ဂလာစကားပြောကြားပြီး သတို့သမီးဘက်မှ ဆရာကြီး ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) က မင်္ဂလာ သြဝါဒ စကားချီးမြှင့်ကာ ၂ဘက်သောမိဘများနှင့် ရပ်မိရပ်ဖများကို ကန်တော့ကြသည်။ ထိုနေ့က ကြွရောက်လာကြသည့် ပုဂ္ဂိုလ်များတွင် ဆရာဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၊ ဆရာ ဦးဝင်းမောင်(တမ္ပဝတီ)၊ ဆရာချင်းတွင်းချစ်သွေး၊ ဆရာ တက္ကသိုလ်မြင့်နိုင်တို့ ပါဝင်သလို စိုင်ပျိုမင်းသားကြီး အနွယ်တော် ဆီစက်ပိုင် ဦးလှသောင်၊ မုံရွာမြို့အောင်ရတနာရွှေဆိုင် ဦးလှဘော်၊ အလင်းရောင် ဆေးတိုက် ဦးဇော်ဝင်း( ကဗျာဆရာဇော်ပုလဲ)၊ အကပညာရှင် ဒေါ်ခင်ဝင်းနွယ်၊ ဓာတ်ပုံပညာရှင် ကိုကျော်ဝင်း(လှဂုဏ်ရည်)၊ ငွေလှိုင်း မောင်မောင်လေး နှင့် မုံရွာမြို့ဝင်းရတနာရွှေဆိုင် ကိုမောင်ဝင်းတို့အပြင် အဖေကြီး ဦးလှဖေ၏ မိတ်ဆွေ ကုန်သည်ပွဲစာ စက်ပိုင်များနှင့် ရပ်ရွာ လူကြီးသူမများ ပါဝင်သည်။
ထို့နောက် ကြွရောက်လာကြသော ဧည့်ပရိသတ် ကို ဒန်ပေါက်ထမင်း၊ ရေခဲမုန့်၊ ကိတ်မုန့်နှင့် လက်ဖက်များ ကျွေးမွေးဧည့်ခံပါသည်။ ထိုအခါ ဧည့်သည်များက မင်္ဂလာဆောင် ထုံးစံအတိုင်း လက်ဖွဲ့ကြသောအခါ လက်ဖွဲ့ခုံလည်း မရှိသောကြောင့် ဧည့်သည်များဆန္ဒအရ ငွေဖလား တစ်လးုံကိုပဲ ချထားပေးပြီး လက်ဖွဲ့လိုသော စာအိတ်နှင့် ပစ္စည်းများကို ထိုဖလားအတွင်း၌ပင် ထည့်ခဲ့ကြပါသည်။ မည်သည့်စာရင်းမှ မှတ်ခြင်းမရှိခဲ့ပါ။ လက်ဖွဲ့ပစ္စည်းများတွင် လူကြီးသူမများ အသုံးတည့်မည့် ပစ္စည်းများကို ပွဲပြီးသည်နှင့် ခွဲဝေလှူဒါန်းခဲ့ပါသည်။ လက်ဖွဲ့ပစ္စည်းများအနက်မှ ကျွန်တော်တို့ အသုံးတည့်မည့် မြင်းခေါင်းတံဆိပ် စတီး ၃ဆင့်ချိုင့်ကိုပဲ ယူခဲ့ပါ၏။ လက်ဖွဲ့ငွေသားက ငွေကျပ် ၈ထောင်နီးပါး လက်ခံရရှိခဲ့ပါသည်။
ဤသို့ဖြင့် ကျွန်တော်တို့ မင်္ဂလာပွဲလည်း တိတ်ဆိတ် ငြိမ်သက်စွာ ပြီးမြောက်ခဲ့ပါ၏။ မင်္ဂလာပွဲ ပြီးသည့် ထိုနေ့ နေ့လယ်မှာပဲ သတို့သမီးလည်း သူ့အထုပ်အပိုးအိတ်ကို လွယ်ကာ ကျွန်တော့် စက်ဘီးနောက် ခုန်တက်၍ အိမ်သို့ လိုက်ပါခဲ့ပါသည်။ ကျွန်တော် အိမ်ထောင်ကျပါပြီ။ လခစားဝန်ထမ်းအဖြစ် လစာ ၃၈၅ ကျပ်ရပါသည်။ အဘအိမ်မှာပဲ ကပ်နေရပါ၏။ အဘအိမ်တွင် အဘ၊ အမေ နှင့်အတူ မမခင်လှတို့ မိသားစုလည်း အတူနေသည်။ မုဆိုးမဖြစ်နေသော မမခင်မြနှင့် သားသမီးတွေလည်း အတူနေသည်။ ထိုအထဲတွင် ကျွန်တော်က မိန်းမကို ခေါ်လာခဲ့ပါပြီ။ ၃ပင်၂ခန်း ပတ်လည်နှင့် ရှေ့အဖီ ၁ခန်း အိမ်ကလေး၏ တစ်မိုးတည်းအောက်တွင် အသက် ၆၀ကျော်မှ ၃နှစ်သားအထိ ကလေးလူကြီး ကျားမ အရွယ်မျိုးစုံ စုစုပေါင်း ၁၉ယောက် တိုးတိုးခွေ့ခွေ့နေထိုင်ကြလေသတည်း။
ဆူးငှက်
