နေပြည်တော်မှာ ရေဆင်းကူးတဲ့ ရဲတပ်ဖွဲ့ဝင်တယောက် ရေနစ်သေဆုံး

ဇွန် ၁၂ ၊ ၂၀၂၆
GG (VOM)
နေပြည်တော် ၊ ပျဥ်းမနားမြို့နယ်၊ အလျင်လို ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ ရဲတပ်ဖွဲ့ဝင်တယောက် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ် ။
မနေ့က ဇွန် ၁၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ပျဥ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ဖွဲ့ဝင် ကိုဆက်ပိုင်စိုးဟာ အလျင်လိုဆည်မြောင်းအတွင်း ရေဆင်းကူးရာကနေ မြောင်းပြွန်ထဲကိုရောက်သွားပြီး ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” ဆည်မြောင်းထဲရေဆင်းကူးတာမှာ ရေစီးသန်ပြီး လူက မြောင်းပြွန်ထဲရောက်သွားပြီး သေဆုံးတာပါ။ သေဆုံးတဲ့အမျိုးသားက အသက် ၃၅ လောက်ရှိမယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကလို့သိရတယ်။ ရာထူးတော့ သေချာမသိဘူး ။ ” လို့ ကူညီကယ်ဆယ်ရေးပြုလုပ်တဲ့အထဲပါတဲ့ ဒေသခံကပြောပါတယ်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်ရဲ့ ရုပ်အေလာင်းကို ညနေ ၄ နာရီလောက်ကနေ စတင်ရှာဖွေခဲ့ပြီး ည ၈ ခွဲလောက်မှသာ အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ကြောင်းနဲ့ အလောင်းကိုတော့ ပျဥ်းမနားမြို့ ကုတင် ၂၀၀ ပြည်သူ့ဆေးရုံ ရင်ခွဲရုံကိုပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း ၊ပဲခူးမြို့ မှာလည်း မေ ၂၂ ရက်နေ့က ဇလပ်ထော်ရေလှောင်တမံမှာ ရေဆင်းကူးတဲ့ ကလေးငယ်လေးယောက် ရေနစ်သေဆုံး ခဲ့တယ်လို့ သိရပါတယ်။
မေ ၁၇ ရက်နေ့ကလည်း မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ရပ်ကွက်ကြီး (၁၂) ရေချမ်းအိုး(တောင်)ရွာရှိ ဖက်ဆွတ်ကန်မှာ အသက် ၁၀ နှစ်အရွယ် ကျောင်းသားကလေးငယ်သုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မေ ၁၁ ရက်ကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ စက်ကန်အမှတ်(၄) (ကန်နီရေကန်)မှာ လူငယ် အမျိုးသားခြောက်ယောက် ရေဆင်းကူးတာမှာ နှစ်ယောက်က ရေနစ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေ ၁၀ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာက သဲချောင်းမှာ ရေဆင်းကူးရာကနေ မောင်နှမသုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မေ ၇ ရက် ညကလည်း မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ ၊ ဇရပ်ဖြူကျေးရွာ ဇီးတောချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသားတယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ် ။
အလားတူ မေ ၃ ရက်ကလည်း ကျောက်ဆည်မြို့နယ် ၊ အနောက်ငယ်တိုးကျေးရွာရှိ ပန်းလောင်ချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသမီးတယောက် ရေနစ်သေဆုံး ခဲ့ပါတယ်။
ဧပြီ ၉ ရက်နေ့ကလည်း မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ တောင်ကုန်းရပ်ကွက် မြစ်ဆိပ် မြစ်သာမြစ်ထဲမှာ ရေချိုးတဲ့ အမျိုးသမီး တယောက်နဲ့ အမျိုးသား တယောက် ရေနစ်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
မတ် ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ရေဆင်းချိုးတဲ့ ကလေးငါးယောက်အနက် သုံးယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ် ။
အလားတူ မတ် ၄ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ်မှာလည်း ချင်းတွင်းမြစ်အတွင်း ရေဆင်းကစားတဲ့ ကျောင်းသား ၊ ကျောင်းသူ ၁၁ ယောက်နက် လေးယောက်မှာ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်ကလည်း မန္တလေးတိုင်း ၊ မြစ်သားမြို့နယ် ၊ သစ်တက်ကုန်းဆည်မှာ ညီအစ်ကိုနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ – ကိုဟိန်း /မိုးစေတနာအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW