ရန်ကုန်မြစ်အတွင်း သာမန်ထက် ထူးကဲဒီရေ ပေ ၂၀ ကျော်အထိ မြင့်တက်နိုင်

ဇွန် ၁၁ – ၂၀၂၆
SS (VOM)
လာမယ့် ဇွန် ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းထက် အမြင့်ပေ ၂၀ ဒသမ ၀၁ ခန့်မှ ၂၀ ဒသမ ၀၄ ခန့်အထိ သာမန်ထက် ထူးကဲဒီရေ အမြင့်ပေ တက်လာဖို့ရှိတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် မြစ်နားကမ်းနား နေထိုင်သူတွေအနေနဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားနိုင်ဖို့ အခုလို သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ အခြေခံရေစစ်မျဉ်းအထက် ၂၂ ပေခန့်အထိ တက်ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့တာကြောင့် အခုအခြေအနေမှာ စိုးရိမ်ဖွယ်မရှိဘူးလို့လည်း အသိပေးထားပါတယ်။
ထူးကဲဒီရေတက်ချိန်မှာ ရေစီးအလွန်ကြမ်းတမ်းတတ်တာကြောင့် ဒလ – ရန်ကုန် ကူးတို့အပါအဝင် စက်လှေ၊ မော်တော်ဘုတ်တွေ စီးနင်းရာမှာ အသက်ကယ်ဝတ်စုံတွေကို မဖြစ်မနေ ဝတ်ဆင်ထားဖို့လိုသလို သက်ဆိုင်ရာဌာန ထုတ်ပြန်ချက်တွေ၊ မီဒီယာတွေရဲ့ သတင်းရေးသား ဖော်ပြချက်တွေကို ဂရုပြု လိုက်နာစေချင်တယ်လို့ လင်းလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်ကပြောပါတယ်။
“ဗမာအယူအရဆို ရေဝင်တဲ့နေ့၊ ရေတက်တဲ့နေ့တွေကို ‘ရေထရက်’ လို့ ခေါ်တာပေါ့။ အရင်ကဆို လပြည့်နေ့မတိုင်ခင်နဲ့ လဆုတ်၊ လကွယ်ရက်တွေက ရေအမြင့်ဆုံး ထတဲ့ရက်တွေပေါ့။ ဒါပေမယ့် အခုဟာက ခါတိုင်းလို မဟုတ်တော့ဘဲနဲ့ ရေမျက်နှာပြင်က ပိုပိုပြီးတော့ ရေတွေများလာတယ်လို့ ကျွန်မတို့ခံစားရတယ်။ သဘာဝဘေးဆိုတာက မဖြစ်ခဲ့ရင်တော့ ကောင်းပါတယ်။ အကယ်၍ ဖြစ်ခဲ့မယ်ဆိုရင်တော့ ဘာမှ ယူလိုက်ချိန် မရလိုက်ဘဲနဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ စာရွက်စာတမ်းတွေ ဆုံးရှုံးတတ်တယ်။ ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်” လို့ သူက ပြောပါတယ်။
မြစ်ကမ်း၊ ချောင်းနား နေတဲ့သူတွေ၊ ရေဝင်ရောက်နိုင်တဲ့ မြေနိမ့်ပိုင်း နေအိမ်တွေအနေနဲ့ သဲအိတ်လိုမျိုး ရေကာတာ လုပ်နိုင်မယ့်အရာတွေ အသင့်ပြင်ထားသင့်ပြီး အရေးကြီးပစ္စည်းတွေနဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ပလက်စတစ်အိတ်နဲ့ လုံခြုံစွာထုပ်ပိုးထားဖို့လိုသလို တကိုယ်ရည်သုံး ပစ္စည်းတွေကိုလည်း ကျောပိုးအိတ်နဲ့ တနိုင်တပိုင် ထုပ်ပိုး အသင့်ပြင်ထားစေလိုတယ်လို့ သူက ပြောပါတယ်။
ရေဝင်ရောက်နိုင်တဲ့ တံခါးပေါက်တွေ၊ လမ်းကြားတွေနဲ့ ပြတင်းပေါက် အနိမ့်ပိုင်းတွေကို သဲအိတ်တွေစီခြင်း၊ ရေလုံပစ္စည်းတွေနဲ့ ကာရံခြင်းက ရေဝင်ရောက်မှုကို အတိုင်းအတာတခုအထိ ဟန့်တားနိုင်မှာဖြစ်ပြီး အထူးသတိပြုရမယ့် အချက်က‌တော့ သဲအိတ်တွေချရာမှာ ရေဖိအားဒဏ်ကို ခံနိုင်ဖို့အတွက် အိတ်တဝက်ခန့်သာ သဲထည့်ကာ ခိုင်ခံ့စွာ ထပ်ဆင့်စီရမှာ ဖြစ်တယ်လို့သိရပါတယ်။
ရေဘေးလွတ်ရာကို ရုတ်တရက် ရွှေ့ပြောင်းရနိုင်ခြေတွေလည်း ရှိလာနိုင်တာကြောင့် အဝတ်အစား၊ ဆေးဝါး၊ သောက်ရေသန့်၊ ဖယောင်းတိုင်နဲ့ မီးခြစ် စတဲ့ အရေးပေါ် ပစ္စည်းတွေကိုလည်း အသင့် ထုပ်ပိုးထားသင့်တယ်လို့ သိရပါတယ်။
ရေကြီးရေလျှံမှုဖြစ်လာပါက လျှပ်စစ်မီးကို အဓိကထား သတိပြုရမှာဖြစ်ပြီး ရေလွတ်ရာကို ရွှေ့ပြောင်းတော့မယ်ဆိုပါက မီးခလုတ်၊ မိန်းခလုတ်တွေကို ကြိုတင် ပိတ်ထားဖို့လိုပြီး ရေတက်ချိန်နဲ့ ကျချိန်တွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် မိုးလေဝသ သတင်းတွေ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကဲ့ ထုတ်ပြန်ချက်တွေကို အမြဲမပြတ် လေ့လာစောင့်ကြည့်ကာ သတိပေးချက်တွေနဲ့အညီ နေထိုင်ကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
အကယ်၍ ထူးကဲဒီရေ အခြေအနေတွေကြောင့် သဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ အကူအညီတွေ လိုအပ်ပါက သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး (ဒါမှမဟုတ်) လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကြိုတင် ချိတ်ဆက်ထားနိုင်တယ်လို့ သိရပါတယ်။
ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေမြင့်တက်ပါက ရေဝင်ရောက်နိုင်ခြေ အမြင့်ဆုံး ဧရိယာတွေကတော့ ရန်ကုန်မြစ်၊ ငမိုးရိပ်ချောင်းနဲ့ ပုဇွန်တောင်ချောင်းတို့နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေက အနိမ့်ပိုင်းလမ်းမတွေနဲ့ ရပ်ကွက်တွေဟာ အဓိက သတိထားရမယ့်နေရာတွေ ဖြစ်တယ်လို့သိရပါတယ်။
လက်ရှိအချိန်အထိတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ထူးကဲဒီရေမြင့်တက်မှုနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်တာ၊ ရပ်ကွက်တွေအတွင်း လိုက်လံအသိပေး နှိုးဆော်တာတွေ မရှိသေးဘူးလို့ ငမိုးရိပ်ချောင်းအနီး နေထိုင်သူတယောက်က ပြောပါတယ်။
“လူမှုကွန်ရက်ပေါ်မှာ သတင်းတွေတွေ့တယ်။ ဒါပေမယ့် ဇွန် ၁၆၊ ၁၇ လောက်ကျမှ ဒီရေတက်မှာဆိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက သတိပေးဖို့၊ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ အချိန်စောနေသေးလို့လား မသိဘူး။ အခုထိတော့ ဘာမှမလုပ်ကြသေးဘူး။ အရင်နှစ်တွေကလည်း ဒီရေတက်တာ ကြုံဖူးတယ်။ လမ်းတွေ၊ အိမ်တွေထဲ ရေတွေဝင်ဖူးတယ်။ မနှစ်ကဆို ခါတိုင်းနှစ်တွေနဲ့မတူဘူး၊ ရေစီး တော်တော်ကြမ်းခဲ့တာ။ ဒါပေမယ့် ရေတက်တာ နာရီပိုင်းပဲကြာတယ်။ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ဖူးတာတော့ မရှိသေးဘူး။ အခုအချိန်က ရန်ကုန်မှာ မိုးကလည်း ဆက်တိုက် ကောင်းနေတာဆိုတော့ တကယ်လို့ မိုးကြီးတဲ့အချိန်နဲ့ ရေထရက်နဲ့ကြုံရင်‌တော့ အခြေအနေတမျိုး ပြောင်းသွားနိုင်တယ်။ ရေပြန်ဆင်းတာ ကြာသွားနိုင်တယ်” လို့ ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဇွန်လ (ပထမ) ဆယ်ရက်ပတ်အတွက် မိုးရွာသွန်းမှုအခြေအနေ ခန့်မှန်းချက်အရ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
မိုးရွာရက်အနေနဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ ၈ ရက်မှ ၁၀ ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW