ဇွန် ၁၁ ၊ ၂၀၂၆
GG (VOM)
ပဲခူးတိုင်း ၊ ရန်ကုန် – ပဲခူးလမ်းပေါ် မှာ ဒီကနေ့ ဇွန် ၁၁ ရက်နေ့ မနက်ပိုင်းက ၂၂ ဘီးကားနဲ့ ကုန်ကား တိုက်မိပြီး အမျိုးသားနှစ်ယောက်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မနက် ၇ နာရီ မိနစ် ၄၀ ဝန်းကျင် ၊ ပဲခူးမြို့နယ်၊ (၁၀)မိုင်ဂုံးအကျော်မှာ ၂၂ ဘီးတွဲကားကို Canter (၆)ဘီးကားက နောက်ကနေ ဝင်တိုက်မိပြီး ခြောက်ဘီးကားပေါ်လိုက်ပါတဲ့ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တို့ သေဆုံးခဲ့တာလို့ သိရပါတယ်။
” တွဲကားကလည်း ကုန်တွေနဲ့ပဲ မောင်းနေတာ။ အဲဒါကို နောက်ကနေ Canter ကားကဝင်တိုက်တာ ။ အိပ်ငိုက်ပြီးတိုက်သလား.တခုခုရှောင်ရင်းကနေ အရှိန်မထိန်းနိုင်ဘဲ တိုက်မိလားတော့ သေချာမပြောနိုင်ဘူး ။ Canter ကားက ဒူးရင်းသီးတွေပို့ပြီး ပြန်လာတာမှာ ဖြစ်တာပါ။သေဆုံးသူတွေရဲ့ မိသားစုဝင်တွေလည်း အခု လိုက်လာနေပါတယ်” လို့ ယာဥ်တိုက်မှုကို သွားရောက်ကူညီပေးခဲ့တဲ့ ပဲခူးမြို့က မေတ္တာရွှေစင်ပရဟိတအသင်း တာဝန်ရှိသူကပြောပါတယ်။
သေဆုံးတဲ့ အမျိုးသားနှစ်ယောက်မှာ ဖြူးက အသက် ၂၅ နှစ်အရွယ် သက်ဝေဖြိုး နဲ့ တောင်ငူက ကိုဇော်ဦးဆိုသူတို့ ဖြစ်ကြောင်း ၊ အလောင်းကိုတော့ ပဲခူးဆေးရုံကြီးကို ပို့ဆောင်ထားပြီး မိသားစုနဲ့လည်းအဆက်သွယ်ရရှိထားပြီ ဖြစ်တယ်လို့ သိရပါတယ် ။
မေ ၂၄ ရက်ကလည်း ပဲခူးတိုင်း ၊ ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ် မှာ ဟိုက်ဂျက်ကားတစီးက ခွေးကိုရှောင်ရာကနေ အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးရှိနေအိမ်တလုံးကို ဝင်တိုက်မိပြီး ကလေး ရှစ်ယောက်အပါအဝင် လူ ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မေ ၂၅ မှာလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၁၈၀/၄) မှာ TOYOTA DYNA ကား အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိပြီး အမျိုးသားနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီနှစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ မတ်လအတွင်း ပဲခူးတိုင်းထဲမှာ ယာဥ်တိုက်မှုပေါင်း ၁၂၄ ကြိမ်အထိဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၉ ယောက်နဲ ထိခိုက်ဒဏ်ရာရရှိသူ ၁၆၉ ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – မီးသတ်ဌာန
