မန္တလေး၊ ဇွန်- ၁၂- ၂၀၂၆
SA(VOM)
မန္တလေးတိုင်းအတွင်းမှာရှိတဲ့ လယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့် လျှောက်ထားမှု မရှိပဲ အကွက်ရိုက်ပြီး ရောင်းချထားတဲ့ မြေကွက်တွေနဲ့ အဲ့ဒီနေရာတွေမှာ အဆောက်အဦဆောက်လုပ်ထားတာတွေကို ဒီရက်ပိုင်းမှာ သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။
၂၀၂၆ ဇွန်လ ၅ ရက်နေ့ ပါရက်စွဲပါ စာအမှတ် ၄၀၁/ လယ ၁၁ နဲ့ အမရပူရမြို့နယ်၊ ယဥ်တော်ကျေးရွာအုပ်စု၊ ဆည်တဲဗိုလ်ကျေး ရွာ၊ ကွင်းအမှတ် ၆၀၇၊ ဦးပိုင်အမှတ် ၁၁၂၊ ဧရိယာ ၁.၅၀ ဧကရှိ ကိုင်းမြေနဲ့ပါတ်သက်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ကွင်းဆင်းစိစစ်ချက်အရ ခွင့်ပြုချက်မရှိဘဲ မြေကွက်ရိုက်ဖော်ဆောင်ခြင်း၊ ဝန်းခြံကာရံခြင်း၊ လမ်းခင်းကျောက်ရိုးစီခြင်း၊ အဆောက်အဦး ဆောက်ခုပ်အသုံးပြုနေကြောင်း စိစစ်တွေ့ရှိရတာကြောင့် လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ (ဂ ၊ ဃ) တို့နဲ့ လက်ရှိနေထိုင်သူတွေကို လယ်ယာမြေပေါ်မှ ထွက်ခွာသွားရန်၊ လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အဦးများ (အခိုင်အမာ ကာရံထားသော ကျောက်တိုင်များကို ဖယ်ရှားသွားရန်) ကို ၂၀၂၆ခုနှစ် ဇွန် လ ၁၉ ရက် နေ့မှာ နောက်ဆုံးထား ဖယ်ရှားဖို့ အမိန့်ကြေငြာစာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
” ရွာမြေတွေကိုတော့ မထိသေးဘူး ကိုင်းမြေတွေပေါ်မှာ ဆောက်ထားတဲ့ ခြံစည်းရိုးတွေကိုတော့ ဖျက်နေပြီ၊ အဆောကျအဦးတှကေိုလညျး ဖြိုချဖို့ လုပ်နေပြီ၊ ကျေးရွာနေသူတွေ စိုးရိမ်တာက ရွာအနောက်ဘက်ခြမ်းက တာဘောင်ရိုးနဲ့ ရွာကြားမှာ ခြံစည်းရိုးပတ်ခတ်တာကို စိုးရိမ်နေပါတယ်” လို့ ဆည်တဲဗိုလ်ကျေးရွာမှာ နေထိုင်သူတဦးက VOM ကို ပြောပါတယ်။
လက်တလော အဲ့ဒီနေရာတွေကို အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းပိုင် ဧရိယာနေရာဆိုပကာ ရွာအနောက်ဘက်ခြမ်းက တာရိုးလမ်းတလျှောက်မှာ သွပ်ပြားကာခြံစည်းရိုးခတ်တာတွေပြုလုပ်နေပြီး ကိုင်းမြေပေါ်မှာ ဆောက် လုပ်ထားတဲ့ အဆောက်အဦးနဲ့ ခြံစည်းရိုးတွေကို ဇွန်လ ၉ ရက်နေ့ကစပြီး မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က စက်ယန္တရားတွေအသုံးပြုပြီး လိုက်လံရှင်းလင်းနေတယ်လို့ ကျေးရွာနေသူတွေက VOM ကို ပြောပါတယ်။
