သူတို့အိမ် အခန်း (၁၃၈)

ဆူးငှက်

တတိယအရွယ်ရောက် အဘနှင့် အမေ့အစီအစဉ်
——————————————————-

အဘနှင့် အမေက အသက်ကြီးလာတော့ အိမ်မှာပဲ ဆိုင်ကလေးဖွင့်ပြီး အေးအေးလူလူ နေချင်ပြီ။ ဆိုင်ကလေး ဖွင့်ဖို့ ဆိုတာက ကိုယ့်အိမ် ကိုယ့်ဝင်းလေးနှင့် မှ ဖြစ်မည်။ နဂိုက ကိုယ့်အိမ်လေးနှင့် ကိုယ် နေချင်တာက ကျွန်တော်သာလျှင် ဖြစ်သော်လည်း အခုတော့ စကားစပ်မိလေတိုင်း အမေက ဆိုင်လေးဖွင့်ချင်တာ တဖွဖွပြောသည်။ အဘကတော့ နှုတ်က ဖွင့်မပြောသော်ငြား သွားရင်းလာရင်းဖြစ်စေ၊ မိတ်ဆွေများနှင့် ကြုံကြိုက်၍ ဖြစ်စေ အိမ်လေးတစ်လုံး အတွက် စနည်းနာ လေ့ရှိသည်။ တစ်ခါတရံ ဖဲထီးကြီး ပုခုံးချိတ်ပြီး ဘာမပြော ညာမပြော ထွက်သွားပါက မိတ်ဆွေများထံက ကြားခဲ့ရသော အိမ်ကလေးတစ်လုံးကို သွားကြည့်ခြင်း ဖြစ်သည်။

တကယ်တော့ ဆန္ဒအရသာ ထိုသို့ သွားကြည့်နေသော်လည်း အဘ တတ်နိုင်သည့် အနေအထားက လက်လှမ်းမမှီတာပဲ များပါသည်။ သို့သော် မမခင်ရီက မန္တလေးလာစဉ် အဘက တိုင်ပင်ဖူးတော့ အဘတို့ကြည့်ထားလေ၊ အဆင်ပြေတာတွေ့ရင် ကိုလှဘော်ကို တိုင်ပင်ပြီး ကျွန်မလည်း စီစဉ်ပေးမှာပါဟု ပြောထားသောကြောင့် ဖြစ်သည်။

အဘ၏ စိတ်ကူးအိမ်လေးတွေ
————————————

ထိုစဉ်ကာလ အဘ မျက်စေ့ကျနေသော နေရာတစ်နေရာရှိသည်။ ထိုနေရာမှာ ဦးတာရဲဈေး အရှေ့ဘက် ကျွဲရိုင်းဖိနပ်လမ်းကြားရှိ အိမ်တစ်လုံး ဖြစ်သည်။ ထိုအိမ်က ၂ထပ် ပျဉ်ထောင် သွပ်မိုးဖြစ်ပြီး အိမ်ရှေ့မှာ အိမ်ဆိုင် ဖွင့်နိုင်သည့် အခန်းလေးလည်းပါ၏။ ထိုအိမ်လေးရှေ့ရောက်တိုင်း အဘက လှည့်၍ပင်ကြည့်သည်။ စုံစမ်းလိုက်တော့ ၆သောင်းဟု သိရသည်။ ဈေးကလည်း မဆိုးသောကြောင့် မုံရွာက ကိုလှဘော် လာတော့ ပြောပြသည်။ ကိုလှဘော်ကလည်း သွားကြည့်ပြီး သဘောကျသည်။ ထို့ကြောင့် ထိုလမ်းထဲတွင်နေထိုင်သည့် ကိုလှဘော် မိတ်ဆွေ ဘုတလင်သား ကိုလှိုင်ကြည် ကတဆင့် ထိုအိမ်ရှင်ထံ မေးမြန်းကြည့်တော့ ဈေးက ၉သောင်းခေါ်တော့ အစီအစဉ် ပျက်သွား၏။

နောက်တစ်ခါ မိကျောင်းတံတား အနောက်နား ဥယျာဉ်တန်း လမ်းမပေါ်က အိမ်တစ်လုံးကိုလည်း သွားကြည့်ပြန်၏။ ထိုနေရာကလည်း ပိုင်ဆိုင်မှု အရှုပ်အရှင်းကြောင့် ဈေးကိုပင် မစုံစမ်းဖြစ်တော့ပေ။ ထိုနေရာကို စုံစမ်းရင်း ဥယျာဉ်တန်းတွင် နေထိုင်သော အဘ၏ တူမအရင်း မမလှရန်က ပြောသောကြောင့် ပေါက်ပေါက်တန်း လမ်းထဲက အိမ်လေးတစ်လုံး ကြည့်ဖြစ်ပြန်၏။ သူက ဝင်းလေးထဲမှာ တစ်ထပ်နံကပ်လေးဖြစ်သည်။ ဝင်းလေးကလည်း ပေ၅၀ ပတ်လည်လောက် ရှိမှာပေါ့။ ဈေးကလည်း မဆိုး။ သို့သော် ဝင်းနှင့်အိမ်က လှည်းဦးတိုက်ဖြစ်နေပြန်၏။ လှည်းဦးတိုက်မှ တောင်ဘက်ရော အရှေ့ဘက်ရောက ဖြစ်နေလို့ လက်လျှော့လိုက်ပြန်သည်။

အတူတူပြန်နေချင်ကြသည့် သံယောဇဉ်
———————————————–

ထိုစဉ် ဝင်းထဲအတူနေသော ဦးကြီးဘထွန်းတို့က ပဲဝင်းထဲ ဦးသာဌေးကျောင်းနှင့် မျက်နှာချင်းဆိုင်မှာ မြေဝယ်ပြီး တိုက်ဆောက်ကာ ပြောင်းကြပါပြီ။ သားဖြစ်သူ ကိုမန်းမောင် က အရောင်းအဝယ်ဖြစ်ထွန်းသည်။ မမသန်းလှကလည်း အိမ်ထောင်ကျပြီ။ မမသန်းလှတို့က အဘ အိမ်ရှာနေသည်ဆိုတော့ တစ်ရပ်တည်း အတူနေကြဖို့ ပဲဝင်းထဲရှိ ရောင်းချမည့် အိမ်များကိုလည်း ကူရှာပေးသည်။ ရွှေဘုံသာဘုရား အနောက်ပေါက်အနီးက အိမ်ဆိုလျှင် အရှေ့ဘက်လှည့် ဝင်းနှင့် ခြံနှင့် အဆင်ပြေသည်။ ဈေးကလည်း လိုက်နိုင်သည့် ဈေးဖြစ်သည်။ စရံပေးကြစို့ဆိုကာ ထိုအိမ်ကို ရောက်ဖြစ် လေ့လာဖြစ်တော့ အဆင်မပြေပြန်။ ကျွန်တော်တို့ လူငယ်များကတော့ အစွဲအလမ်းမထားပါ၊ ထိုရောဂါနှင့် ပတ်သက်၍ ကာယကံရှင်သည်ပင်လျှင် ကုသ၍ ပျောက်ကင်းနိုင်ပါသည်။ အတူနေ သားသမီးများသည်ပင် မကူးစက်နိုင်ကြောင်း သိပါသည်။ သို့သော် အဘနှင့် အမေအတွက်က အဆင်မပြေလှ။ သည်နေရာကို ဆက်၍ အနေချင်လှ။ ထို့ကြောင့် နောက်ဆုတ်လိုက်ရပြန်၏။

 

တစ်ခါ မမသန်းလှတို့ အိမ်၏ အနောက်နားက အိမ်တစ်အိမ်ကို ကြည့်ဖြစ်ပြန်သည်။ ပေ၃၀×ပေ၄၀ ဝင်းအတွင်း သပ်သပ်ရပ်ရပ် ဆောက်ထားသော ၂ထပ်အိမ် ဖြစ်သည်။ သွပ်မိုးကာ ဝါးထရံကာ ဖြစ်သော်လည်း ဆိုက်မီ ကိုက်မီ သစ်သားများနှင့် ဆောက်လုပ်ထားသည့် တောင့်တောင့်တင်းတင်း အိမ်တစ်လုံးဖြစ်သည်။ ထို့ပြင် လျှပ်စစ်မီတာလည်း ရှိသည်။ သူက ၃သောင်း ၅ထောင်တဲ့။ ပို၍ အဆင်ပြေချင်တော့ အိမ်ရှင်က ကျွန်တော်တို့ အိမ်လေးကို လာဆောက်ပေးသော လက်သမားဆရာ ကိုကြိုင်၏ အိမ်ဖြစ်နေသည်။

 

အဘနှင့် ကိုကြိုင်တို့ တေ့တေ့ဆိုင်ဆိုင် စကားပြောဖြစ်တော့ ကိုကြိုင်က ၃သောင်း ၃ထောင်နှင့် လွှတ်ပေးမတဲ့။ သည်တွင် အဘလည်း လက်ခွလိုက်ပြီး စရန်ချမည့် ရက်လည်း ရွေးလိုက်ကြသည်။ မမသန်းလှတို့ကလည်း တစ်ရပ်တည်း နေရမှာမို့ ပျော်လို့။ ကျွန်တော်ကလည်း ထိုနေရာလေးကို သဘောကျသည်။ အမေက ဒီလိုအရပ်မျိုူက အိမ်ဆိုင်ဖွင့်လို့ကောင်းတယ်ဟုဆိုကာ ဝမ်းသာနေသည်။ သေချာပြီလေ။ ထိုနေရာ ထိုအိမ်မှာ နေရတော့မယ်လေ။ ထို့ကြောင့် စရန်ပေးရမည့် ငွေ၁သောင်းကို အသင့်ပြင်ကာ ကျွန်တော်တို့က ပါပါကြီးဟုခေါ်သော ဦးကြီး ဦးဉာဏ်သိန်းက စာချုပ်စာတမ်းပင် အသင့်ပြုလုပ်ထားပေးပြီး သက်သေနေရာက လက်မှတ်ထိုးပေးဖို့ပင် ပြင်ဆင်ထား၏။

မိဘလက်ငုတ် အမွေအနှစ်မို့
———————————

ဤသို့ဖြင့် စရန်သပ်မည့်နေ့တွင် အဘနှင့် ပါပါကြီးအပြင် ကျွန်တော်လည်း လိုက်သွားသည်။ ရောင်းမည်ဟု ဆိုသော ကိုကြိုင့်အိမ်ရောက်တော့ သူတို့မျက်နှာ အမူအရာတွေက တစ်မျိုး ဖြစ်နေကြသည်။ ကျွန်တော်တို့ကို ထိုင်ခိုင်းပြီးမှ ကိုကြိုင်က တောင်းပန်စကားဆိုတော့သည်။ သူ့ဇနီးက အိမ်ကို တကယ်တမ်းရောင်းမည်ဆိုတော့ သူ့မိဘ လက်ငုတ်လေးမို့ မရောင်းရက်တော့ဘူးတဲ့။ လင်မယား၂ယောက်လုံးက ဈေးကိုပင် ဖြတ်ပေးပြီး အရောင်းအဝယ် တည့်တာ မှန်သော်လည်း သူ့အနေနှင့် ညမှာပင် အိပ်မပျော်တော့ဘဲ သူ့မိဘမျက်နှာချည်း မြင်နေလို့ မရောင်းပါရစေနှင့်ဟု ကိုကြိုင့်ကိုပင် လက်အုပ်ချီ ငိုယိုတောင်းပန်ပါကြောင်း၊ သိုသော် ကိုကြိုင်က စကားတည်ပြီးမို့ မဖျက်ချင်ကြောင်း အဆင်ပြေသည့် တနေရာကို ထပ်ရှာကာ ဂတိစကားအတိုင်း သည်အိမ်ကို ရောင်မည်ဖြစ်ကြောင်း အချေအတင် ဖြစ်ကြသည်တဲ့။

 

အခု ကျွန်တော်တို့ ရောက်တော့လည်း မယားဖြစ်သူက အဘကို တောင်းပန်နေပြန်သည်။ ကိုင်းဗျာ ဒီလို မျက်ရည်နဲ့ မျက်ခွက်အိမ်ကို ဘယ်သူ ဝယ်ရက်ပါတော့မလဲ။ အဘလည်း ကိုကြိုင့်ကို နှစ်သိမ့်ကာ တပ်ခေါက် ပြန်ခဲ့ကြပါ၏။ အပြန်မှာ ဦးတာရဲဈေး တောင်ပေါက်က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ရင်း အဘက “သြော်.. အိမ်မြေဆိုတာ ကံစပ်မှ ရတာဆိုတာ ယုံပြီ ကိုဉာဏ်သိန်းရေ၊ ၁၃၀၀ပြည့်ခါနီးလောက်ကတည်းက မန္တလေးရောက်လာတာ အခု အနှစ်၄၀ကျော်ပါပြီ၊ ကံမစပ်သေးလို့ ထင်ပါရဲ့၊ ကိုယ့်အိမ် ကိုယ့်ရာက အဆင်မပြေသေးပါဘူး” ဟု ငြီးရှာသည်။

အဘပြဿနာ၊ ကျွန်တော့်ပြဿနာ
———————————–

အဘကလည်း သူ့ပြဿနာနှင့် သူပေါ့။ ကျွန်တော်ကလည်း ကျွန်တော့် ပြဿနာနှင့် ကျွန်တော်လေ၊ မင်္ဂလာဆောင်ရမည့် တပို့တွဲက နီးပြီ။ ကျွန်တော်ဖြစ်ချင်သော မင်္ဂလာဆောင် အစီအစဉ်ကို အဘ စိတ်ရှုပ်နေတာ သိပေမယ့် ထိုလက်ဖက်ရည်ဆိုင်မှာပဲ ပြောဖြစ်သည်။ ကျွန်တော့်အစီအစဉ်ကို ပါပါကြီးက သဘောကျသည်။ အဘကတော့ “ ဒို့က သဘောမကျစရာ မရှိပါဘူးမောင်၊ မင်းတို့ချင်း သဘောတူရင်ပြီးတာပါပဲ။ အရေးကြီးတာက မင်းတို့ အဖေကြီး ဦးလှဖေ လက်ခံဖို့ အရေးကြီးတာ။ ဒို့ကတော့ ၂ဦး၂ဘက် အဆင်ပြေကြဖို့ပါပဲ” ဟု ပြောသည်။ ကျွန်တော်က ထိုကိစ္စကို အဖေကြီးဦးလှဖေထံ သွားရောက်ပြောပြတော့ အဖေကြီးကလည်း သဘောတူပြီး အစီအစဉ်များကို အဖေကြီးကိုယ်တိုင် ချပေးခဲ့ကြောင်း ပြောပြမှ အဘလည်း သက်ပြင်းချ အသက်ရှူချောင်သွားပုံရသည်။

 

ထို့ကြောင့် ကျွန်တော်က ရေးသားမည့် ဖိတ်စာကို တစ်ခါတည်း ပြောပြတော့ ပါပါကြီးက အံ့အားတသင့် လှမ်းကြည့်သည်။ အဘက “ ဒို့ဘက်က ဘာမှ ပြောစရာမရှိပါဘူး၊ မင်းစိတ်ကူးနဲ့မင်းအဆင်ပြေဖို့ပါ။ ဦးလှဖေ သဘောထားလည်း မေးဦး” ဟုပဲ ပြောပါ၏။ ကျွန်တော်က သည်ည ဖိတ်စာ အကြမ်းရေးမည်။ မနက်ကျမှ အဖေကြီး ဦးလှဖေထံ ခင်သော်ဇင်ကို ခေါ်ပြီး ပြမည်ဟု စဉ်းစားလိုက်ပါ၏။ မန္တလေး၏ ဆောင်းတွင်း အအေးဓာတ် မွန်းမတည့်မီပင် ပျောက်လုလု ဖြစ်သွားသောကြောင့် ကျွန်တော်လည်း ချွေးစို့နေပါပြီ။

 

Related posts

Leave a Comment

VOM News

FREE
VIEW