ဇွန် ၁၄ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် (မြောက်ပိုင်း) နဲ့ တမူးမြို့နယ်အတွင်း အစိုးရတပ်၊ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစိုးရ ပူးပေါင်းတပ်တွေဟာ ကလေး – တမူးလမ်းပိုင်းကို နယ်မြေစိုးမိုးနိုင်ဖို့အတွက် အဲဒီလမ်းပိုင်းကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့မှစတင်ကာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီလမ်းပိုင်းက နယ်စပ်နဲ့ အနီးဆုံးဖြစ်တယ်။ အိန္ဒိယ – မြန်မာ – ထိုင်း၊ ဒီသုံးနိုင်ငံရဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်တယ်။ ဒီလမ်းကြောင်းကို ထိန်းချုပ်ပြီး ကုန်သွယ်ရေး ပြန်လုပ်နိုင်ဖို့အတွက် အစိုးရက ပြင်ဆင်နေတာပါ။ စစ်ကြောင်း နှစ်ကြောင်းနဲ့ နှစ်ဖက်ညှပ်ပိတ်ပြီး လက်နက်ကိုင်တပ်တွေကို ထိုးစစ်ဆင်နေတယ်။ နှစ်ဖက်စလုံး အထိအခိုက်များတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ကလေးမြို့နယ် (မြောက်ပိုင်း) က ၅၅ မိုင်ကျေးရွာ၊ ခုံသာ(အရှေ့)ရွာနဲ့ တမူးမြို့နယ် ရန်လင်းဖိုင်ရွာ၊ ပန်းသာရွာ၊ နန်းမွန်းတားကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေပြီး အစိုးရတပ်က ကလေးမြို့လေဆိပ်ကို အခြေပြုက လေကြောင်း တိုက်ခိုက်မှုတွေလည်း ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲအတွင်း ဇွန် ၁၁ ရက်နေ့က ၅၅ မိုင်ကျေးရွာအနီး၊ ကလေး – တမူးကားလမ်း၊ မိုင်တိုင်အမှတ် ၃၈ မိုင်၊ ၂ ဖာလုံနဲ့ ၃ ဖာလုံကြားရှိ တံတားအမှတ် (၁/၃၉)၊ အရှည် ၁၁၀ ပေ၊ အကျယ် ၂၄ ပေရှိ သံကူ ကွန်ကရစ်အမျိုးအစား တံတားလည်း မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရတာကြောင့် တံတားရေလည်တိုင် နှစ်ခု၊ ယက်မ/ကြမ်းခင်းနဲ့ လက်ရန်းတွေ ကျိုးကျပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ကလေး – တမူး လမ်းမကြီးပေါ်ရှိ အရှေ့ခုံသာ၊ အနောက်ခုံသာ၊ နန်းစောင်းပု၊ ကံသာယာ၊ ရာဇဂြိုလ်၊ ၅၆ မိုင်၊ ကံကြီး၊ စော်ဘွားရေရှင်၊ ကြက်ဖနက်၊ ဝိတုတ်၊ မင်းသမီး၊ ကနန်၊ ဘုတ်ကံ၊ ခွမ်မွန်းနွံ၊ ရန်ငြိမ်းအောင်၊ ကျွန်းတောရေရှင် အစရှိတဲ့ ကျေးရွာပေါင်း ၅၀ ကျော်မှ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
“ဒေသခံတွေက အိန္ဒိယနဲ့ ကလေးဘက်ကို ရှောင်ကြတာလည်းရှိတယ်။ တချို့ကတော့ အနီးအနားဝန်းကျင်က တိုက်ပွဲမဖြစ်သေးတဲ့ ကျေးရွာတွေဘက် လှည့်ပတ် ရှောင်ကြတယ်။ စစ်ရှောင်ရက် ရှည်လာရင်တော့ စားရေးသောက်ရေး ခက်ခဲလာနိုင်တယ်။ တိုက်ပွဲက ဒီပုံအတိုင်းဆို တော်တော်နဲ့တော့ ပြီးဦးမှာမဟုတ်ဘူး။ အစိုးရတပ်တွေက ကလေး – တမူး အာရှလမ်းမကြီးအတိုင်း ဆက်ပြီး ထိုးစစ်ဆင်နေတယ်။ တောတောင်တွေထဲမှာလည်း ကင်းပုန်းတွေ ချထားတယ်” လို့ သူက ပြောပါတယ်။
နိုင်ငံတော်သမ္မတရဲ့ အိန္ဒိယနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့တဲ့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ ခရီးစဉ်အပြီး မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ကလေး – တမူး (အာရှလမ်းမ) ကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့အတွက် စစ်ဆင်ရေးတွေ တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ အစိုးရတပ်က ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
Photo – CJ
