ဇွန် ၁၄ ၊ ၂၀၂၆
GG (VOM)
ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်မြို့နဲ့ မင်းတပ်မြို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဆက်တိုက် ဖြစ်ပွားနေတယ်လို့ စုံစမ်း သိရှိရပါတယ်။
မင်းတပ်မြို့ကိုဆိုရင် ခုဇွန်လ ၆ ရက်နေ့ကစပြီး ဒီကနေ့ ဇွန် ၁၄ ရက်နေ့အထိ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဇွန်လ ၆ ရက်နေ့ကနေ ၉ ရက်နေ့အတွင်း မင်းတပ်မြို့နယ်မှာ လေကြောင်းကနေ အကြိမ် ၃၀ ကျော် ဗုံးကြဲတိုက်ခိုက်ခံရပြီး ဇွန် ၁၀ ရက်ကနေ ၁၄ ရက်မနက်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ထက်မနည်းရှိခဲ့ကာ အားလုံးပေါင်း ဗုံးအရေအတွက် ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” ဒီရက်ပိုင်း မင်းတပ်ကို လေကြောင်းကနေ တအားဖိနေတာတွေ့ရတယ်။ မြေပြင်တိုက်ပွဲကလည်း ပြင်းထန်နေတယ် ။ ကန်ပက်လက်ဘက်လည်း တိုက်ပွဲတွေပြင်းထန်နေတယ်။ မြေပြင်စစ်ကြောင်းရော လေကြောင်းရောကလည်း နေတိုင်းရှိနေတော့ စစ်ရေးကပိုတင်းမာပြီး ပြင်းထန်နေတဲ့ သဘောရှိတယ်။ တပ်ကလည်း ချင်းတောင်ကို အင်အားထောင်ချီသုံးပြီးတော့ကို တိုက်နေတာ ။ ” လို့ စစ်ရေးသတင်း ရင်းမြစ်က သုံးသပ် ပြောပါတယ်။
ကန်ပက်လက်မြို့ကိုလည်း ဇွန် ၆ ရက်ကနေ ဇွန် ၁၃ ရက်နေ့အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ လောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ကန်ပက်လက်မြို့နယ်မှာ မေ ၁၈ ရက်နေ့ကစပြီး အစိုးရတပ်နဲ့ ချင်းလက်နက်ကိုင်တပ်တွေ အကြား တိုက်ပွဲဖြစ်ပွားနေတာ ဒီကနေ့အထိဖြစ်လို့ တိုက်ပွဲဖြစ်ပွားနေတာ တလနီးပါးအထိ ကြာမြင့်လာပြီဖြစ်ပါတယ်။
အလားတူ မင်းတပ်မြို့နယ်မှာလည်း မေလ ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဇွန်လထဲမှာတော့ တိုက်ပွဲကပိုပြီးပြင်းထန်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေထိခိုက်ပျက်စီးမှုရှိကြောင်းသိရှိရပေမယ့် လူထိခိုက်မှုနဲ့ပတ်သက်လို့တော့ အတိအကျမသိရသေးပါဘူး ။
မတူပီမြို့နယ်မှာတော့ လောလောဆယ် တိုက်ပွဲငြိမ်နေတဲ့ အခြေအနေရှိသလို လေကြောင်းတိုက်ခိုက်မှုလည်း နည်းတယ်လို့ သိရပါတယ်။
လက်ရှိမှာ ချင်းတောင်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ရေးတင်းမာတဲ့အခြေအနေတွေကြောင့် ဒေသခံတွေအများအပြား စစ်ရှောင်နေကြရပြီး ချင်းတောင်ကို ကုန်စည်စီဆင်းမှုဖြတ်တောက်ခံထားရတာကြောင့် စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအပါအဝင် အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။
မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို အစိုးရတပ်တွေက အင်အား ၂၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာသလို လေကြောင်းတိုက်ခိုက်မှုကိုလည်း အကြိမ်ပေါင်းများစွာ ပြုလုပ်နေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး CPU က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – HKL
