ဇွန် ၁၄ – ၂၀၂၆
SS (VOM)
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ပါက မိမိတိုရဲ့ ခုံအမှတ်နဲ့ တိုက်ရိုက်ရှာဖွေ ကြည့်ရှုနိုင်ဖို့ https://result.dme.gov.mm ဝက်ဘ်ဆိုက်မှာ လွှင့်တင်ပေးဖို စီစဉ်နေတယ်လို့ ပညာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
စာစစ်ဦးစီးဌာနအနေနဲ့ အောင်စာရင်းတွေကို ၎င်းတို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကသာ တပြိုင်နက်တည်း ထုတ်ပြန်ပေးသွားဖို့ စီစဉ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေနည်းတူ တက္ကသိုလ်ဝင်တန်းတွေ ဖြေဆိုခဲ့တဲ့ စာစစ်ဌာနအလိုက် အောင်စာရင်းတွေကို ကြည့်ရှုနိုင်မယ့် ဝက်ဘ်ဆိုက်လည်း ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။
“တရားဝင် ဝက်ဘ်ဆိုက်ကနေသာ ကိုယ်ရေးအချက်အလက် လုံခြုံစိတ်ချစွာနဲ့ အောင်စာရင်းတွေကို တိတိကျကျ မှန်မှန်ကန်ကန်နဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အောင်စာရင်း ဘယ်နေ့ထွက်မယ်ဆိုတာတော့ ဒီအချိန်မှာ ကျွန်တော်တို့ကိုယ်တိုင်တောင် သေချာ မသိရသေးပါဘူး။ အောင်စာရင်း တရားဝင်ထွက်ရှိမယ့်ရက်နဲ့ အသေးစိတ် အချက်အလက်တွေကို စာစစ်ဌာနက အချိန်တန်ရင် ထုတ်ပြန်ပေးသွားပါလိမ့်မယ်။ ဒီအချိန်မှာ အောင်စာရင်း ကြိုကြည့်ပေးမယ်ဆိုပြီး ပြောဆိုတဲ့ Page တွေ လူမှုကွန်ရက်မှာ ပလူပျံနေတာတွေ့ရတယ်။ အလိမ်အညာ Page တွေဖြစ်လို့ အားလုံး သတိထားစေချင်ပါတယ်” လို့ ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။
အောင်စာရင်း ကြိုကြည့်ပေးမယ်ဆိုတဲ့ လိမ်ညာမှုတွေနဲ့ ပတ်သက်လို့ သတိပြုကြဖို့ စာစစ်ဦးစီးဌာနကလည်း သတိပေးချက် ထုတ်ပြန်ထားပြီး ဌာနရဲ့ လုပ်ထုံးလုပ်နည်းစနစ်အရ အများပြည်သူကို တရားဝင် မကြေညာခင် အောင်စာရင်း ကြိုတင်ပေါက်ကြားဖို့ လုံးဝ မဖြစ်နိုင်တဲ့အတွက် အွန်လိုင်းပေါ်မှာ ‘အောင်စာရင်း ကြိုကြည့်ပေးမယ်’ ဆိုတဲ့ ပြောဆိုနေမှုတွေဟာ ရာနှုန်းပြည့် လိမ်လည်နေခြင်းသာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
ဌာနအနေနဲ့ လက်ရှိမှာ အောင်စာရင်းတွေကို အမြန်ဆုံး ကြေညာပေးလိုပေမယ့်လည်း စနစ်ကျ၊ တိကျမှန်ကန်မှု ရှိစေဖို့အတွက် လုပ်ထုံးလုပ်နည်းအတိုင်း အချိန်ယူ ဆောင်ရွက်ရတာဖြစ်တာကြောင့် အောင်စာရင်းတွေ အဆင်သင့်ဖြစ်ပါက အကြောင်းမဲ့ အချိန်ဆွဲထားခြင်းမပြုဘဲ ချက်ချင်း ထုတ်ပြန်ပေးသွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စိတ်အေးအေးထားကာ တရားဝင် ဝက်ဘ်ဆိုက်ကသာ စောင့်မျှော် ကြည့်ရှုကြဖို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက နှိုးဆော်ထားပါတယ်။
အခု ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade 12) စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူအရေအတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းသား တသိန်းတသောင်း နှစ်ထောင့်တရာ ကိုးဆယ့်တယောက်၊ ကျောင်းသူ တသိန်းငါးသောင်း ခြောက်ထောင့်ငါးရာ ခြောက်ဆယ့်နှစ်ယောက်၊ စုစုပေါင်း နှစ်သိန်းခြောက်သောင်း ရှစ်ထောင့်ခုနစ်ရာ ငါးဆယ့်သုံးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စာရင်းပေးသွင်းသူတွေထဲက စုစုပေါင်း နှစ်သိန်းငါးသောင်း ငါးထောင့်နှစ်ရာ နှစ်ဆယ့်ရှစ်ယောက်တိတိ တက်ရောက် ဖြေဆိုခဲ့တာကြောင့် အခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၉၄ ဒသမ ၉၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဖြေဆိုဖို့ ပျက်ကွက်သူဦးရေ တသောင်းသုံးထောင် ငါးရာနှစ်ဆယ့်ငါးယောက်ရှိကာ ပြည်တွင်းစာစစ်ဌာန ၈၇၁ ခုနဲ့ နိုင်ငံခြားစာစစ်ဌာန ၁၆ ခု၊ စုစုပေါင်း စာစစ်ဌာန ၈၈၇ ခု ဖွင့်လှစ်ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
