ဇွန် ၁၃ ၊ ၂၀၂၆
GG (VOM)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ဇနီးကို အပိုင်းပိုင်းခုတ်သတ်ပြီး ထွက်ပြေးနေတဲ့ ယောကျ်ားကို ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်ရှိ နေအိမ်မှာ ဒီကနေ့ ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
လူသတ်မှုကျူးလွန်သူ အသက် ၃၆ နှစ်အရွယ် ကိုအောင်ပြည့်ကို ဒီကနေ့ မနက် ၈နာရီဝန်းကျင်လောက်မှာ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းမှာရှိတဲ့ သူရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” ဟုတ်တယ် ။အဲဒီကိစ္စ မြို့ထဲတော့ လူပြောများနေတယ်။ ခုဖမ်းသွားမှ အဲဒီလူက လူသတ်ခဲ့တယ်ဆိုတာကိုလည်း ပတ်ဝန်းကျင်က သိကြတာ ။ သူကလည်း ထိုင်းမှာပဲ လုပ်နေရင်းက ရုတ်တရက်ကြီး ပြန်လာတာ ။ထိုင်းမှာဖြစ်တာဆိုတော့ ဒီပြန်လာရင်လွတ်မယ်ထင်ထားတာဖြစ်မယ် ။ အခုတော့ ဖမ်းသွားပြီ။ ” လို့ မြို့ခံတယောက်က ပြောပါတယ်။
အဆိုပါ လူသတ်မှု ကျူးလွန်သူ ကိုအောင်ပြည့်ဟာ ဘန်ကောက်ရှိ သူရဲ့ဇနီး မအေးအေးနွယ်ကို တိုက်ခန်းအတွင်းမှာပဲ အပိုင်းပိုင်း ခုတ်ဖြတ်သတ်ပြီး ဝရံတာမှာရှိတဲ့ ပလပ်စတစ်ပုံးထဲကို ထည့်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
မအေးအေးနွယ်ကို မိသားစုဝင်တွေက ဆက်သွယ်လို့မရခဲ့တာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေကို အကြောင်းကြားခဲ့ပြီး တာဝန်ရှိသူတွေနဲ့အတူ အခန်းကို လာရောက်ကြည့်ရှုရာမှ အပိုင်းပိုင်းခုတ်ဖြတ်သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းကို ပလပ်စတစ်ပုံးအတွင်းကနေ တွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
အဲဒီနောက်မှာ ကျူးလွန်သူတရားခံကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေး မှုတွေပြုလုပ်ခဲ့ရာ CCTV မှတ်တမ်းအရ အမျိုးသားဖြစ်သူ စားဖိုမှူး ကိုအောင်ပြည့်ဆိုသူဟာ အဲဒီ အခန်းထဲကနေ ခရီးဆောင်အိတ်ကို ယူပြီး ထွက်သွားတာ.တွေ့ရကြောင်း ၊ အဲဒီနောက်မှာ ဆက်လက်စုံစမ်းခဲ့ရာ ထိုင်း – မြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံကို ဝင်ရောက်သွားတာကို သိရှိခဲ့ရတာ ဖြစ်တယ်လို့သိရပါတယ် ။
အဲဒါကြောင့် ထိုင်းအာဏာပိုင် တွေနဲ့ မြန်မာဘက်က တာဝန်ရှိသူတွေ ချိတ်ဆက်ပြီး ကျူးလွန်သူ ကိုအောင်ပြည့်ကို ဖမ်းဆီးခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။
လူသတ်မှုကျူးလွန်ခဲ့တဲ့ ကိုအောင်ပြည့်ဟာ “ပျူစောထီးတို့ရဲ့ သေမင်းတမန် “ဆိုတဲ့ ဖေ့ဘုတ် အကောင့်ကိုအသုံးပြုနေသူဖြစ်သလို အသတ်ခံရတဲ့ ဇနီးဖြစ်သူမအေးအေးနွယ်ကလည်း ဒေသတွင်းလက်နက်ကိုင် အဖွဲ့အစည်းတွေကို ထောက်ပို့ကူညီနေတဲ့ သူဖြစ််တယ်လို့ သတင်းတွေအရ ကနဦး သိရပါတယ် ။
လက်ရှိမှာတော့ လူသတ်မှုကျူးလွန်သူ အမျိုးသားကို ဟင်္သာတမြို့ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရတဲ့အတွက် ရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ဓာတ်ပုံ – CJ
