ရပ်ကွက် အုပ်ချုပ်​ရေးမှူး​ရွေးချယ်ဖို့ ကြီးကြပ်ရေးအဖွဲ့​ရွေးတာမှာလည်း စည်းကမ်းမညီညွတ်တာ​တွေရှိ​နေ

ဇွန် ၁၄ ၊ ၂၀၂၆
CC (VOM)
မန္တလေးတိုင်း ၊ မဟာအောင်မြေခရိုင် ၊ ချမ်းမြသာစည်မြို့နယ် ၊ မြရည်နန္ဒာရပ်ကွက်မှာ အုပ်ချုပ်ရေးမှူးရွှေးချယ်ဖို့အတွက် ပထမဆုံး ကြီးကြပ်ရေးအဖွဲ့ဝင် ငါးယောက်ရွေးချယ်တဲ့ကိစ္စမှာ ဥပဒေ နည်းဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ ပြုလုပ်ခဲ့တာကြောင့် ရွေးချယ်ပွဲကို ကန့်ကွက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တင်ပြထားတယ်လို့ ရပ်ကွက်ဒေသခံတွေဆီက သိရပါတယ်။
ကြီးကြပ်ရေးရွေးချယ်ပွဲကို တက်ရောက်လာတဲ့ ပြည်သူအားလုံးမဲပေးခွင့်မရရှိခြင်း ၊ မဲပေးထားသူအားလုံးသည်လည်း ဥပဒေ နည်းဥပဒေနှင့် ညီညွတ်မှုမရှိခြင်း ၊ရွေးချယ်ပွဲ အစအဆုံးအားလုံးသည် လက်ရှိ အုပ်ချုပ်ရေးမှူးရဲ့ လမ်းညွန်မှုနဲ့ ဆောင်ရွက်ကြတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒါအပြင်ချမ်းမြသာစည် မြရည်နန္ဒာရပ်ကွက်အတွက် ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ်ရွေးချယ်ခံရသူတွေထဲက ဦးသန်းစိုးဝင်း ဆိုသူဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ ပြည်ကြီးတံခွန်မြို့နယ်ကို ပြောင်းရွှေ့ပြီး ၂ဝ၂၅ ရွေးကောက်ပွဲမှာ ပြည်ကြီးတံခွန်မြို့နယ် တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ်(ကျားဖြူ) ပါတီ မှ ရွေးချယ်ခံခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါ အချက်တွေဟာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲရဲ့ ဥပဒေနည်းဥပဒေနဲ့ ကိုက်ညီမှုမရှိခြင်းကြောင့်ပြန်လည်စီစစ်ဆောင်ရွက်ပေးဖို့ မြို့နယ်ထွေအုပ်ကို စာတင်ပြထားတာ ဖြစ်တယ်လို့ သိရပါတယ် ။
” အိမ်ထောင်စုဇယားရှိရဲ့သားနဲ့လည်း ပေးစရာမလိုဘူးပြောတယ်။ နောက်တခုက မဲပေးချင်တဲ့ဆန္ဒနဲ့လာပေမယ့် ရုံးကိုရောက်တဲ့အချိန်မှာ လက်မှတ်ထိုးမယ့်နေရာရောက်တဲ့အချိန်မှာ သိမ်းသွားတယ်။ သူတို့ထဲကလူတွေကို နောက်ပိုင်းမှာ ပိုသွင်းပြီး မဲပေးသွားကြတယ်။ မဲပေးချင်သူတွေက အဲဒီနေ့ကအများကြီးပဲ ။ အဆင်ပြေအောင်လုပ်မပေးလို့ ပြန်သွားကြတယ်။ ဖြစ်စဥ်တွေကအမှန်ပါ ။ ကိုယ့်ရပ်ကွက်အကြောင်းကိုသိတယ်။ လုပ်တဲ့ကိုင်တဲ့ ထွေအုပ်တို့ မီးသတ်တို့ကတော့ သေချာလုပ်ကြတာပဲ။ ဒါပေမယ့် အောက်ခြေက ဖြစ်နိုင်ပါတယ်။ ” လို့ မြရည်နန္ဒာရပ်ကွက် ဒေသခံက ပြောပါတယ်။
ကြီးကြပ်ရေးအဖွဲ့ အဖြစ် ရပ်မိရပ်ဖတွေထဲက ငါးယောက် ရွေးချယ်တဲ့အခါ ရပ်ကွက်နဲ့ကျေးရွာအတွင်း တဆက်စပ်တည်းနေထိုင်တာ ငါးနှစ်ရှိ ဖို့လိုအပ်သလို ရပ်ကွက် ၊ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်ရောက် ရွေးချယ်ခံမယ့်သူကလည်း သက်ဆိုင်ရာရပ်ကွက်နဲ့ ကျေးရွာ အတွင်းမှာ နေထိုင်တဲ့သက်တမ်း ငါးနှစ်အနည်းဆုံးရှိသူ ဖြစ်ဖို့လိုအပ်ကြောင်း ဥပဒေမှာ ပါရှိတယ်လို့ သိရပါတယ်။
ကြီးကြပ်ရေးအဖွဲ့ဝင်ရွေးချယ်ရာမှာလည်း ဥပဒေနဲ့အညီ အိမ်ထောင်စုရှိသူတိုင်း မဲပေးရွေးချယ်ခွင့်ရှိဖို့လိုအပ်ပြီး အုပ်ချုပ်ရေးမှူးရဲ့အစီအစဥ်အောက်ကနေ ရွေးချယ်တာမျိုး မဖြစ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် လက်ရှိ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်တဲ့နေရာမှာ တချို့ကျေးရွာနဲ့ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေကိုသာ မဲပေးကာ ကြီးကြပ်ရေးအဖွဲ့ အဖြစ်ရွေးချယ်ပြီး လက်ရှိအုပ်ချုပ်ရေးမှူးရာထူး ဆက်လက်ရရှိအောင် လုပ်တာမျိုးတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
” ဒီဘက်မှာတော့ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့တာလည်းသူတို့ဘာသာ အကုန် အုပ်ချုပ်ရေးမှူး ညွှန်ကြားမှုအောက်ကနေ လုပ်နေတာတွေ ရှိတယ်။ ဘယ်သူမှ ဦးဆောင်မပြောရဲဘူး ။ မဲပေးရွေးတာရှိသလို ဒီတိုင်း ဘယ်သူတွေကို ရွေးလိုက်တယ်ထောက်ခံလားအဆင်ပြေလားနဲ့ ရပ်မိရပ်ဖရွေးတာတွေလည်း ရှိတယ်။ ” လို့ ဧရာဝတီတိုင်းက ဒေသခံတယောက်က ပြောပါတယ်။
ဒီကနေ့ မေ ၁၄ ရက်နေ့ ၊ မန္တလေးတိုင်း ၊သာစည်မြို့နယ် ၊ဝမ်းသာရွာမှာ ပြုလုပ်တဲ့ ရပ်မိရပ်ဖ ငါးယောက်ရွေးချယ်ပွဲမှာလည်း မဲပေးရွေးချယ်တဲ့ စနစ်နဲ့မသုံးဘဲ ပြုလုပ်ခဲ့တာကြောင့် ရွေးချယ်ပွဲ ပျက်သွားတယ်လို့ သိရပါတယ်။
” ရပ်မိရပ်ဖရွေးတာ ပျက်သွားတယ်။ ကိုယ့်လူကို ဖြစ်စေချင်သူကများနေတာ ။ အိမ်ထောင်စုနဲ့ မဲပေး ရွေးတာလည်းမဟုတ်ဘူးဆိုတော့ တယောက်တပေါက်နဲ် ရပ်မိရပ်ဖရွေးချယ်ပွဲ ပျက်သွားတာ ။ ” လို့ ဝမ်းသာရွာ ဒေသခံတယောက်က ပြောပါတယ် ။
ကြီးကြပ်ရေးအဖွဲ့ဝင်ငါးယောက်ကို တရားမျှတစွာရွေးချယ်ခွင့်ရရှိမှသာ ကြီးကြပ်ရေးအဖွဲ့တွေကလည်း ပြည်သူ့ဆန္ဒနဲ့အညီ ဆယ်အိမ်မှူး ၊ရာအိမ်မှူး နဲ့ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးကို တရားမျှတတ ရွေးချယ်ခွင့်ရရှိအောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲအတွက် အဓိကကျတဲ့ ကြီးကြပ်ရေးအဖွဲ့ ဝင်တွေကို ပြည်သူ့ဆန္ဒနဲ့အညီ ရွေးချယ်ခွင့်ရရှိဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ ( ရပ်မိရပ်ဖ ရွေးချယ်ပွဲ ပြုလုပ်နေပုံ)

Related posts

Leave a Comment

VOM News

FREE
VIEW