ဇွန် ၁၃ ၊ ၂၀၂၆
GG (VOM)
ကချင်ပြည်နယ် ၊ရွှေကူမြို့အနီး ကျေးရွာတွေဘက်မှာ အစိုးရစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ရှိနေတယ်လို့ ဒေသခံဆီက စုံစမ်းသိရှိရပါတယ်။
ရွှေကူမြို့အထွက် လေးလမ်းဆုံအကျော် ၊ မြို့နဲ့ နှစ်မိုင်လောက်သာဝေးတဲ့ တော်လှန်ရွာဘက်အပြင် နေရာတချို့မှာပါ တိုက်ပွဲ ဖြစ်ပွားလာနေပြီး မနေ့က ဇွန် ၁၂ ရက်နေ့ ညနေပိုင်းက တော်လှန်ရွာမှာ လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ အစိုးရတပ်က တော်လှန်ရွာကို မနေ့ကညပိုင်းမှာပဲ ထိန်းချုပ်လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။
” စစ်တပ်က တော်လှန်ရွာကို သိမ်းလိုက်ပြီ။ လေကြောင်းနဲ့ကျဲတယ် တပ်ထိုင်လိုက်တယ်။အခုစစ်တပ်က တော်လှန်ထိရောက်ပြီ ။ ဗန်းမော်ထိ ဆက်တက်ဖို့များတယ်။အခုတော်လှန်အပြင် တခြားဘက်တွေလည်း ပစ်နေကြတယ်။လက်နက်ကြီးတွေတအားပစ်နေတယ်။ အခုဖြစ်နေတဲ့နေရာက ဗန်းမော်ကိုသွားတဲ့လမ်းပိုင်းပဲ။ အဲဒီလမ်းပိုင်းက မြို့ခံတွေကို စစ်ရှောင်ဖို့ KIA က သွားခွင့်ပေးထားတဲ့လမ်း ။အခုတော့ လေကြောင်းပါကြဲလို့ မသွားရဲတော့ဘူး ။ KIA စာထုတ်တဲ့ လမ်းကိုရောက်ဖို့ဆိုရင် တော်လှန်ရွာကို ဖြတ်ရတယ်။ ” လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ် ကပြောပါတယ် ။
ဒီကနေ့ ဇွန် ၁၃ ရက်နေ့အထိ ရွှေကူမြို့အနီးဝန်းကျင်ရှိ ကျေးရွာဘက်တွေမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရွာလုံးကျွတ်စစ်ရှောင်နေကြရပြီး အများစုကတော့ ရွှေကူမြို့ပေါ်ကို စစ်ရှောင်ရောက်လာကြတယ်လို့ သိရပါတယ်။
ရွှေကူမြို့ကို ဝင်ရောက်လာတဲ့ အစိုးရတပ်စစ်ကြောင်းတွေက ဗန်းမော်ဘက်ကို အင်အားဖြည့်တင်းဖို့အတွက် စစ်ကြောင်းထိုး နေတာကြောင့် KIA နဲ့ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။
ရွှေကူမြို့အနီးကျေးရွာတွေမှာ တိုက်ပွဲ ဖြစ်ပွားနေပေမယ့် မြို့ပေါ်မှာတော့ ပုံမှန်အတိုင်း သွားလာလှုပ်ရှားမှုရှိပြီး တချို့လည်း စစ်ရှောင်တာမျိုးရှိတယ်လို့ သိရပါတယ်။
” မြို့ပေါ်က ပုံမှန်ပါပဲ ။ ရှောင်ချင်သူတွေလည်း ပေးထွက်ပါတယ်။ ငါးအိုး -မန္တလေးလမ်းက တပ်ကနေရာယူထားတာ ဆိုတော့သွားလို့ရတယ်။ တော်လှန်ရွာဘက်ကတော့သွားမရတော့ဘူး ။ ” လို့ ဒေသခံက ပြောပါတယ်။
အစိုးရတပ်စစ်ကြောင်းတွေ ရွှေကူကနေတဆင့် ဗန်းမော်ကို အင်အားဖြည့်တင်းမှု မလုပ်နိုင်အောင် အစိုးရစစ်ကြောင်း သွားလာလှုပ်ရှားမယ့်
ရွှေကူမြို့အဝင် လမ်းမကြီး နဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကိုတော့ KIA က ဇွန် ၈ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ကြောင်းနဲ့ ရွှေကူမြို့ ကနေပါ တိမ်းရှောင်ဖို့ စာထုတ်သတိပေး ခဲ့ပါတယ် ။
မြို့ကရှောင်မယ့်သူတွေအနေနဲ့ တော်လှန် – လမ်းကူး – စီသာ – မိုးကင့် – စီဖွာလမ်းပိုင်းကိုသာအသုံးပြုဖို့ တဆက်တည်း သတိပေးခဲ့ပြီး လက်ရှိမှာတော့ အဲဒီလမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် သွားလာလို့ မရဘူးသိရပါတယ်။
ရွှေကူမြို့အနီးကျေးရွာဘက်တွေမှာတော့ ဇွန် ၁၁ ရက်နေ့ကစပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ တိုက်ပွဲ နှစ်ရက်မြောက်မှာ အစိုးရတပ်က တော်လှန်ရွာကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ
