လူသတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသား လေးယောက်ကို MNDAA သေဒဏ်စီရင်၊ သုံးယောက်ကို နှစ်ရှည်ထောင်ဒဏ်တွေချ

ဇွန် ၁၃၊ ၂၀၂၅
NN(VOM)
ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ MNDAA ထိန်းချုပ်တဲ့ ဒေသအတွင်း လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမျိုးသား ခုနှစ်ယောက်ထဲက လေးယောက်ကို ကိုးကန့်တပ်ဖွဲ့က ဒီမနက်မှာ သေဒဏ်စီရင် ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
လောက်ကိုင်မြို့ ဘောလုံးကွင်း လူမြင်ကွင်းရှေ့မှာ ဒီမနက်အစောပိုင်းက ပြုလုပ်ခဲ့တာလို့ လောက်ကိုင်ဒေသခံတွေဆီကနေ သိရပါတယ်။
“မနက်အစောကြီးပဲ ကားတွေနဲ့ ဘောလုံးကွင်းထဲကို ခေါ်လာပြီး တယောက်ချင်းစီကို သူတို့ ကျူးလွန်တဲ့ အပြစ်တွေကို ဖတ်ပြတယ်။ အဲဒီထဲက လူသတ်မှု ကျူးလွန်တဲ့ သူတွေနဲ့ ဓားပြတိုက်တဲ့သူ လေးယောက်ကို သေဒဏ်ပေးလိုက်တာ” လို့ လောက်ကိုင်မြို့ခံ တယောက်က ပြောပါတယ်။
ကျန်အမျိုးသား သုံးယောက်ကိုတော့ ထောင်ဒဏ် တသက်တကျွန်း ချလိုက်တယ်လို့ သိရပါတယ်။
“ပြစ်မှုကျူးလွန်တဲ့ တရားခံထဲက တယောက်က မူးယစ်ဆေးသုံးပြီး အသက် ရှစ်နှစ်အရွယ် သူ့သမီးကို ဝက်ရိုင်းလို့ထင်ပြီး လည်ပင်းကို ဓားနဲ့ ခုတ်တာ ကလေးက သေသွားတယ်လို့ ပြောတယ်။ အဲဒီလူကို သေဒဏ်ပေးလိုက်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြစ်ဒဏ်စီရင်ခံရတဲ့ အမျိုးသားတွေဟာ အသက် ၃၀ နဲ့ ၄၀ အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
သေဒဏ်စီရင်ခံတဲ့ အမျိုးသားလေးယောက်ကို တခြားနေရာကို ခေါ်သွားပြီး သေနတ်နဲ့ တခါတည်း စီရင်လိုက်တာလို့ ဒေသခံတွေထံက သိရပါတယ်။
ကိုးကန့်တပ်ဖွဲ့ဟာ သူတို့ထိန်းချုပ်ထားတဲ့ ဒေသအတွင်းမှာ လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှု ကျူးလွန်သူတွေကို အခုလိုပဲ အများရှေ့မှာ စီရင်ချက်ချလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေတုန်းကလည်း လောက်ကိုင်၊ သိန္နီ၊ လားရှိုးမြို့တွေမှာ အခုလို စီရင်ချက်မျိုး သုံးကြိမ်ထက်မနည်း လုပ်ခဲ့ပါတယ်။
အဲဒီထဲက လူသတ်မှု၊ ပြန်ပေးဆွဲမှုနဲ့ ဓားပြမှုကျူးလွန်တဲ့ အမျိုးသား ၁၀ ယောက် ကျော်ကို MNDAA တပ်ဖွဲ့က အခုလိုပဲ လူမြင်ကွင်းမှာ သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW