လေယာဥ်လက်မှတ်ကို အဆမတန်စျေးတင်ရောင်းရင် အရေးယူမယ် ၊ အချက်အလက်နဲ့တကွ တိုင်ကြားနိုင်

ဇွန် ၁၄ ၊ ၂၀၂၆
GG (VOM)
လေယာဉ်လက်မှတ်ကို သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချပါက ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်တယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်လာ ပါတယ်။
ဒါကြောင့် လေယာဥ်လက်မှတ်ကို လေကြောင်းလိုင်းရဲ့ သတ်မှတ်စျေးထက်ပိုပြီး စျေးအဆမတန်ပေးဝယ်ယူရသူတွေအနေနဲ့ ခရီးသည် အမည်၊ ဝယ်ယူခဲ့တဲ့ ရက်စွဲ၊ ခရီးစဉ်အချက်အလက်၊ Booking PNR/Ticket အမှတ်၊ ဝယ်ယူခဲ့တဲ့ Agent အမည်၊ ဝယ်ယူခဲ့ရတဲ့ ဈေးနှုန်းနဲ့ ငွေပေးချေတဲ့ အထောက်အထား စတဲ့ သတင်းအချက်အလက်တွေနဲ့ အတူ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေကို တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီအပေါ် ခရီးသွားပြည်သူတယောက်က
” အရေးယူမယ်ဆိုရင် လေကြောင်းလိုင်းတွေကို အရင်အရေးယူရမှာ ။ System ခုံတွေက ဖွင့်မပေးတာများတယ်။ ခရီးသည်က ဘယ်တော့မှ လေကြာင်းလိုင်းကနေ တိုက်ရိုက်ဝယ်လို့မရဘူး ။ Agent ဆီက ရရင်ရ ၊ မရရင် မှောင်ခိုစျေးမတန်တဆနဲ့ဝယ်ရတာ ။ အခုက မတန်တဆစျေးနဲ့ ဝယ်နေရတာများပါတယ်။ လေကြောင်းလိုင်းသတ်မှတ်စျေးနဲ့ ရတဲ့ခရီးသည်မရှိသလောက်ပါဘဲ ။ Agent ဆီမှာ လက်မှတ်ဖြတ်ရင် System ခုံမရှိလို့မရဘူး ။အပြင်မှာလည်း ဝယ်ရောရတယ်။စျေးကတော့ မြစ်ကြီးနား – မန္တလေးကို သိန်း ၂၀ ကျော်တယ်။အရေးယူမယ်ဆိုရင် ဒါတွေကို တကယ်ထိထိရောက်ရောက် အရေးယူစေချင်တယ်။ ” လို့ ပြောပါတယ်။
ထုတ်ပြန်ချက်မှာတော့ လေယာဉ်လက်မှတ်ခနှုန်းထားတွေကို သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချတဲ့ ဘယ်သူမဆို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေး ပါတယ်။
လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တယောက်က
” PSA Agent တွေတော့ ရင်းနှီးထားရတဲ့ ငွေကြေးကြောင့် ဘယ်သူမှ ပိုတင်မရောင်းကြဘူး။ ကြားထဲ က လူတွေကဘဲ ပိုတင်ရောင်းကြတာ။ PNR စစ်ပြီး ဝယ်တဲ့ Agent အရေးယူမယ်ဆိုတာက မဟုတ်သေးသလိုဘဲ ။ ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှ နေတာ သွားချင်တဲ့ ခရီးသည်က များပြီး လေယာဉ်က တရက်တစီးဘဲ ဖြစ်နေတာ ပြဿနာပါ။ အရင်လို Airline အစုံ တရက်လေး စီး ဆွဲပြေးရင် ဈေးတက်တဲ့ ပြဿနာရှိတော့မယ် မထင်ဘူး။ ” လို့ ပြောပါတယ် ။
ဒါကြောင့် လက်ရှိ လေယာဥ်လက်မှတ်ခနူန်းထားတွေ သတ်မှတ်စျေးနူန်းထက် အဆမတန်မြင့်ရောင်းချမှုရှိနေတဲ့ ဒေသတွေကို လေကြောင်းခရီးစဥ်တွေထပ်တိုးပြေးဆွဲပေးဖို့လိုကြောင်း ၊ ခရီးစဥ်ပြေးဆွဲပေးတဲ့ လေယာဥ်အရေအတွက် ပိုများလာပါက စျေးနူန်းပိုရောင်းချတာတွေကို အတိုင်းအတာတခုအထိ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
နောက်ထပ် လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တယောက်က
” ခုံတွေကို ဘာလို့ ပိတ်ပိတ်ထားတာလဲ။ ဘယ်သူတွေက ပိတ်နေတာလဲ။ လေကြောင်းလိုင်းမှာရှိတဲ့ ဝန်ထမ်းတွေက သူတို့ဘာသာ ပိတ်တာလား။ ဒါမှမဟုတ် လေကြောင်းလိုင်း ပိုင်ရှင်တွေက ပိတ်ခိုင်းတာလား။ခရီးသည်တွေက Agent တွေဆီကို လက်မှတ် လာဖြတ်တယ်။ ဖြတ်ဖို့ System ထဲကြည့်လိုက်ရင် ခုံတွေက ပိတ်ထားတယ်။ အဲတော့ ခရီးသည်ကို လက်မှတ်မရဘူး ပြန်ပြောရတာပေါ့။ နောက်ကျ ခရီးသည်က လာပြောတယ်။ ကျမ ဘယ်သူ့ဆီက ဈေးဘယ်လောက်နဲ့ ဖြတ်လိုက်ရတယ်ဆိုပြီး။ မတန်တဆဈေးတွေနဲ့ ခရီးသည်တွေက ဖြတ်နေရတယ်။ပုံမှန်အတိုင်း System မှာ လက်မှတ်ဖွင့်ထားရင် ခရီးသည်ကလည်း သူဖြတ်ချင်တဲ့ Agent ဆီမှာ System ဈေးအတိုင်း အမှန်အကန်ဖြတ်လို့ရတယ်။ လက်မှတ်ရရင် ရတယ် ၊ မရရင် မရဘူး ရှင်းရှင်းလေးပဲ။ အခုက System ထဲ ဖြတ်ဖို့ ကြည့်လိုက်ရင် မရတော့တာတွေကများနေ။ ပြီးရင် ခုံတွေက မတန်တဆဈေးတွေနဲ့ မှောင်ခိုတွေ ထုတ်ရောင်းတယ် ။ ” လို့ ပြောပါတယ် ။
လက်ရှိမှာ မြစ်ကြီးနား ၊ ဟုမ္မလင်း ၊ ပူတာအို ၊ ခန္တီး ၊ စစ်တွေ ၊ကျောက်ဖြူ အပါအဝင် ကုန်လမ်းကြောင်းသွားလာဖို့ ခက်ခဲတဲ့ ဒေသတွေရဲ့ လေယာဥ်လက်မှတ်ခနူန်းထားတွေဟာ သတ်မှတ်စျေးနူန်းထက်အဆမတန်မြင့်တက် နေပါတယ်။
မြစ်ကြီးနား – ရန်ကုန်ဆိုရင် သိန်း ၂၀ အထက်ထိ စျေးပေါက်နေပြီး မြစ်ကြီးနား – မန္တလေး ဆိုရင် ၁၅ သိန်းအထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။
လေယာဥ်လက်မှတ်ခနူန်းထားတွေက တလကြိုတင်ပြီး လက်မှတ်ဖြတ်ပါက စျေးနူန်းတမျိုး ၊ ၁၅ ရက်ကြိုတင်ပြီး လက်မှတ်ဖြတ်ပါက စျေးတမျိုးနဲ့ ရက်နီးကပ်မှ လက်မှတ်ဝယ်ရင် စျေးတမျိုး ပေးဝယ်နေရတာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW