အမေရိကန်နိုင်ငံသား အာဒမ် ကက်စတီလို ဖမ်းဆီးခံရတာဟာ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုမှုကြောင့်လို့ သတင်းတွေ ထွက်ပေါ်နေ

ဇွန် ၁၄ – ၂၀၂၆
SN (VOM)
အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်း (AMCHAM) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ အမေရိကန်နိုင်ငံသား အာဒမ် ကက်စတီလို ဖမ်းဆီးခံရတာဟာ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုမှုကြောင့်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အာဒမ် ကက်စတီလိုဟာ လက်ရှိမှာ ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ လုံခြုံရေးဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်းတခုကို ထူထောင်ထားသူဖြစ်ပြီး အမေရိကန်ကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိစဉ် ရန်ကုန်လေဆိပ်မှာ ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ သိထားသလောက်ကလည်း၊ ကြားထားတဲ့ သတင်းအရပေါ့၊ သူက ပိုင်ဆိုင်မှုအငြင်းပွားမှု တခုကြောင့် ဖမ်းဆီးခံရတယ်လို့ သိရတယ်။ ဟိုတချိန်က သူဦးဆောင်ခဲ့ဖူးတဲ့ စီးပွားရေးအဖွဲ့အစည်းတခုရဲ့ လက်ရှိ ဒါရိုက်တာကနေပြီးတော့ တရားစွဲဆိုထားတာလို့ သိရတယ်။ သူ့ရဲ့ကိုယ်ကျိုးအတွက် ဒေါ်လာတွေကို အလွဲသုံးစားပြုခဲ့တာရှိတယ်ပေါ့။ ဒါကြောင့် ယုံကြည်မှု ချိုးဖောက်မှုနဲ့ စွပ်စွဲခံထားရတယ်။ ဒါက ထောင်ဒဏ် ဆယ်စုနှစ်တခုအထိ ချမှတ်ခံရနိုင်တဲ့ ရာဇဝတ်မှုတခုပါ။ ဒီထက်ပိုပြီး အသေးစိတ်ကိုတော့ ကျွန်တော်တို့လည်း မသိသေးပါဘူး” လို့ စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
သတင်းမီဒီယာတချို့ကတော့ အာဒမ် ကက်စတီလို ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်အတွင်း ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ မှတ်တမ်းတွေအကြောင်း “Finding Our Voice” အမည်ရှိ စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာကြောင့်လို့ ရေးသား ဖော်ပြခဲ့ကြပါတယ်။
ကက်စတီလိုဟာ မြန်မာအစိုးရရဲ့ နိုင်ငံရေးလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်းကလည်း ဝါရှင်တန်ဒီစီကို သွားရောက်ကာ အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေးမှာ အမေရိကန်က ပိုမိုတက်ကြွတဲ့ မူဝါဒတွေ ချမှတ်ဖို့၊ အထူးသဖြင့် မြန်မာ့ရှားပါး မြေရှားဒြပ်စင်တွေနဲ့ တရုတ်ရဲ့ ဘူမိနိုင်ငံရေးအရ စိတ်ဝင်စားမှုတွေကို တင်ပြဆွေးနွေးခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
ကက်စ်တီလိုဟာ ၎င်းရဲ့ “Finding Our Voice” စာအုပ်ကို အရောင်းမြှင့်တင်ဖို့ အမေရိကန်ပြည်ထောင်စု အပါအဝင် ပြည်ပနိုင်ငံတချို့ကို သွားရောက်ကာ အဲဒီစာအုပ်နဲ့ပတ်သက်ပြီး ဟောပြောပွဲတွေနဲ့ စာအုပ်မိတ်ဆက်ပွဲတွေ ပြုလုပ်ခဲ့တာဖြစ်ကာ စာအုပ်ထဲမှာတော့ ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးပဋိပက္ခအပြီး အရှုပ်အထွေးတွေထဲ ကျရောက်သွားတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ရေးသားထားတယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံသား တယောက်ကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းတွေကို သိရှိပေမယ့် ‘ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့် စိုးရိမ်မှုတွေကြောင့်’ နောက်ထပ် မှတ်ချက်မပေးလိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်ကလည်း ကက်စ်တီလိုကို ဖမ်းဆီးမှု သတင်းနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ တရားဝင် သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo – Adam Castillo’s linkedln

Related posts

Leave a Comment

VOM News

FREE
VIEW