ဇွန် ၁၅၊ ၂၀၂၆
NN(VOM)
အစိုးရတပ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတဲ့ ကိုးကန့် တပ်ဖွဲ့က ၁၀၂၇ တိုက်ပွဲအတွင်း ဖမ်းဆီးထားတဲ့ အစိုးရတပ် စစ်သုံ့ပန်းတွေထဲက ၁၇၄ ယောက်ကို ဒီနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြန်လွတ်လာသူတွေကို လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ခေါ်သွားတယ်လို့ သိရပါတယ်။
“ဒီနေ့ နေ့လယ်ပိုင်းက လွတ်လာတာ ဟုတ်ပါတယ်။ ရမခထဲ ပို့လိုက်တာ တွေ့တယ်။ မိသားစုတွေနဲ့တော့ တွေ့လို့မရသေးဘူး” လို့ လားရှိုးမြို့ခံတယောက်က ပြောပါတယ်။
ပြန်လွတ်လာသူတွေထဲမှာ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေလည်း ပါတယ်လို့ သိရပါတယ်။
“နေရာအစုံကလို့တော့ ပြောတယ်။ လောက်ကိုင်၊ ကွမ်လုံ၊ ချင်းရွှေဟော်ဘက် မှာ ဖမ်းထားတဲ့သူတွေလည်း ပါတယ်လို့ ပြောတယ်” လို့ လားရှိုးမြို့ ခံတယောက်က ပြောပါတယ်။
၁၀၂၇ တိုက်ပွဲကာလအတွင်းမှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက် အောက်ခံ အစိုးရတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ထောင်နဲ့ချီပြီး MNDAA တပ်ဖွဲ့က ဖမ်းဆီးတာ ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီမှာ ကိုးကန့်တပ်နဲ့ အစိုးရတို့ကြား အပစ်အခတ် ရပ်စဲခဲ့ ပြီး ဧပြီလမှာ လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုကို အစိုးရက ပြန်လည် အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကိုးကန့်တပ်ဘက်က စစ်သုံ့ပန်းတွေကို မကြာခဏ ပြန်လွှတ်ပေးနေတာ ဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲပြီး ကိုးကန့်တပ်နဲ့ အစိုးရတို့ လားရှိုး ဆင်နှစ်ကောင် ဟိုတယ် မှာ မကြာခဏ တွေ့ဆုံ ဆွေးနွေးကြပြီး နောက် စစ်သုံ့ပန်းတွေ ပြန်လွှတ်ပေးလေ့ ရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း စစ်သုံ့ပန်း ခုနစ်ဆယ်နီးပါးကို ကိုးကန့်တပ်က ပြန်လွှတ်ပေးခဲ့ပါတယ်။ ကိုးကန့်တပ်အနေနဲ့ ဒီနှစ်ထဲမှာ စစ်သုံ့ပန်း ၈၀၀ ဝန်းကျင်ကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
ပုံစာ -ကိုးကန့်တပ်က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းများအား ယမန််နှစ်အတွင်းက ပြန်လွှတ်ပေးနေပုံ
