ပခုက္ကူ၊ ဇွန် -၁၅-၂၀၂၆
NP(VOM)
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း ခိုလှုံနေတဲ့ နေရပ်စွန့်ခွာခဲ့ရသူတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကိုယ်စားပြု ပခုက္ကူအခြေစိုက် PHDO အဖွဲ့ကတဆင့် အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးအပ်တာမှာ စံနှုန်းနဲ့မညီသလို၊ အမှန်တကယ်လိုအပ်နေသူ စစ်ဘေးရှောင်တွေ ပယ်ချခံရပြီး ရိက္ခာတွေကလည်း သတ်မှတ်အလေးချိန်နဲ့ အရေအတွက် အပြည့်အဝမရရှိဘဲ လျော့နည်းနေကြောင်း နေရပ်စွန့်ခွာပြီး ခိုလှုံနေသူတွေဆီက သိရပါတယ်။
” WFP အထောက်အပံ့ မြေပြင်မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေကို ဘာလို့ပယ်ချတာလဲလို့ မေးတော့ သေချာတိကျတဲ့ အဖြေမပေးဘူး။ ကျနော်တို့မိသားစုဆိုရင် ၂၀၂၃ ခုနှစ်ကတည်းက နေရပ်စွန့်ခွာလာတာပါ အဲ့ဒီအဖွဲ့အစည်းကပေးတဲ့ ကွန်ပျူတာကုဒ်နဲ့ ID ကတ်လည်း ရပြီးသားပါ။ ဒါပေမယ့် အခု ၂၀၂၆ ခုနှစ် ၁ လပိုင်းကျမှ သူတို့သတ်မှတ်တဲ့ စံနှုန်းနဲ့ မကိုက်ညီဘူးဆိုပြီး ပယ်ချခံလိုက်ရတယ်” လို့ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကနေ မြို့ပေါ်ကို လာရောက်စစ်ဘေးရှောင်နေသူ တဦးက ပြောပါတယ်။
”ဆန်ဆိုရင် လူတဦးကို ၆ ပြည်နဲ့ ၆ လုံး ရမယ်လို့ ပြောပေမယ့် တကယ်တမ်းပေးတော့သူတို့ချိန်ပေးတဲ့ ပုတ်တောင်းက ၆ ပြည်တောင် မပြည့်ဘူး။ ကုလားပဲကလည်း မိသားစုဝင်တဦးကို နို့ဆီဘူး ၇ လုံးပေးမယ်လို့ ပြောပေမယ့် တကယ်ရတော့ ၆ လုံးကျော်လောက်ပဲ ရတယ်။ ဆားဆိုရင်လည်း အိမ်ထောင်စုတစုလုံးကိုမှ ၁၀ သားလောက်ပဲ ရတယ် ။ နောက်ပြီး စားဆီဆိုရင် ဇန်နဝါရီလ၊ဖေဖော်ဝါရီလ၊ မတ်လမှာ စားသုံးဆီလုံးဝမရဘူး” လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ အခြားနေရပ်စွန့်ခွာသူတဦးက ထောက်ပြပြောဆိုပါတယ်။
“ကျမတို့ မိသားစုဆိုရင် အဖေနဲ့အမေက အိမ်ထောင်စုတစု၊ ညီမလေးက တစု၊ ကျမတို့က တစုရယ်။ WFPကေထာက်ပံ့မှုအားလုံး ပယ်ချခံရတယ် ဘာကြောင့် ပယ်တာလဲဆိုပြီး နယ်ေမြ (၅၊ ၆၊ ၇) ကိုင်တဲ့ နယ်မြေမှူးကို သွားမေးတော့မှ မိသားစုဝင်တွေထဲမှာ အသက် (၆၀) ကျော်မိသားစုဝင်နဲ့ အသက် (၅) လအောက် ကလေးငယ်မရှိလို့ဆိုပြီး ပယ်ခံရတာ အဲဒါကြာင့်အပယ်ခံရလို့PHDOရုံးကို၅ကြိမ်သွားတယ်ဘယ်သူမှဖြေရှင်းမပေးဘူး”
လို့ ကိန္နရာတောင်လေယာဉ်ပျံကျောင်းတိုက်မှာ ခိုလှုံနေရတဲ့ မြောက်လူးကန်ရွာက အမျိုးသမီးက ပြောပါတယ်။
ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ပခုက္ကူအခြေစိုက် PHDO တာဝန်ခံ ဦးညွန့်တင်ကတော့
”စစ်ဘေးရှောင်တွေကို ရိက္ခာရပ်စဲလိုက်တာက အလှူရှင်တွေဘက်က မြေပြင်ကွင်းဆင်းမေးမြန်းမှုအပေါ်မှာပဲ အခြေခံပြီး ဆုံးဖြတ်ပြီးပယ်ဖျက်ခဲ့တာပါ။ အလှူရှင်တွေက စားဝတ်နေရေး အဆင်ပြေလား၊ အခြားထောက်ပံ့မှု ရှိလား၊ လယ်ယာမြေရှိလားလို့ မေးတဲ့အခါ စစ်ဘေးရှောင်တွေက ရှိတယ်ဆိုပြီး ရိုးရိုးသားသား ဖြေခဲ့ကြလို့ စာရင်းထဲက ပယ်ဖျက်ခံလိုက်ရတာပါ။ တကယ်တော့ အခုလို အပယ်ခံရတဲ့သူတွေက မြေပြင်မှာ တကယ်ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်စစ်စစ်တွေ ဖြစ်နေပါတယ်။ တကယ့်မြေပြင်မှာကျတော့ မဟုတ်မမှန်ဘဲ လိမ်ထုတ်နေတဲ့သူတွေ အများကြီးရှိနေတယ်။ အချို့ဆို ရွာမှာပဲ ပုံမှန်အတိုင်းနေထိုင်ပြီး ရိက္ခာထုတ်မယ့်အချိန်မှ လာထုတ်ကြတယ်။ အချို့ကျတော့လည်း မြို့ပေါ်မှာ အိမ်နဲ့ဝန်းနဲ့ အဆင်ပြေပြေ ဝယ်နေနိုင်ပြီးတော့မှ ရိက္ခာကို စစ်ဘေးရှောင်အနေနဲ့ ထုတ်စားနေကြတာမျိုးတွေ ရှိပါတယ်” လို့ မြေပြင်အခြေအနေကို ရှင်းပြပါတယ်။
”ဒီလို မြေပြင်အခြေအနေ အမှားအယွင်းတွေနဲ့ ပတ်သက်လို့ ကျနော်တို့ဘက်က ဒီကိစ္စကို အလှူရှင်တွေကို သေချာပြန်လည်သုံးသပ်ဖို့ တင်ပြခဲ့တယ်။ ဒါပေမဲ့ သူတို့ဘက်ကတော့ လောလောဆယ် သုံးလအတွင်းမှာ ဘာမှ ပြောင်းလဲပေးလို့မရဘူးလို့အလှူရှင်ဘက် ညွှန်ကြားထားပါတယ်” လို့လည်း ထပ်ဖြည့်ပြောပါတယ်။
လတ်တလောမှာကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေနဲ့ နေရပ်စွန့်ခွာသူ စစ်ဘေးရှောင်တွေကို လူတဦး ဆန် ၁၃.၅ ကီလိုဂရမ်၊ စားအုန်းဆီ ၁ လီတာ၊ ပဲ ၁.၈ ကီလိုဂရမ်နဲ့ ဆား ၀.၁၅ ကီလိုဂရမ် စသည့် ရိက္ခာလေးမျိုး ထောက်ပံ့ပေးနေ ကြောင်းသိရပါတယ်။
တာဝန်ရှိတဲ့ ပင်မအဖွဲ့အစည်း WFP အနေနဲ့ မြေပြင်မှာ အမှန်တကယ် ဖြန့်ဝေပေးနေတဲ့ လုပ်ငန်းစဉ်တွေကို ပွင့်လင်းမြင်သာမှုရှိဖို့၊ အလေအလွင့်နဲ့ ခေါင်းပုံဖြတ်မှု မရှိစေဖို့နဲ့ အမှန်တကယ် လိုအပ်နေသူတွေဆီ ရိက္ခာအပြည့်အဝ ရောက်ရှိစေဖို့ အမြန်ဆုံး စနစ်တကျ ပြန်လည်စိစစ် ကြပ်မတ်ပေးဖို့ နေရပ်စွန့်ခွာ ပြည်သူတွေက လိုလားနေပါတယ်။
ပခုက္ကူမြို့နယ်မှာ နိုင်ငံရေး အပြောင်းအလဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ကစပြီး ချင်းပြည်နယ်၊ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ် ၊ဆောမြို့နယ်၊ ကျောက်ထုမြို့နယ် ၊ပေါက်မြို့နယ်၊ မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်တွေက စစ်ဘေး ရှောင်အများအပြားလာရောက် ခိုလှုံနေထိုင်ကြောင်း သိရပါတယ်။
