ဇွန် ၁၅ ၊ ၂၀၂၆
GG (VOM)
ရန်ကုန် ၊ မှော်ဘီမြို့နယ်ထဲက ဆပ်သွားတောကျေးရွာအုပ်စုဘက်မှာ တောဆင်ရိုင်းနှစ်ကောင် ဝင်ရောက်ပြီး သွားလာနေတာကြောင့် စာသင်ကျောင်းတချို့ပိတ်ထားရပြီး ဒေသခံတွေ ကြောက်ရွံ့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
အဆိုပါ တောဆင်ရိုင်းနှစ်ကောင်ဟာ ဆပ်သွားတောရွာ ၊ ရှမ်းကုန်းရွာဘက်တွေမှာ သွားလာနေပြီး နေအိမ်ခြံစည်းရိုး ပျက်စီးမှုတွေလည်း ရှိထားတယ်လို့ သိရပါတယ်။
” ညက ရှမ်းကုန်းဘက်မှာ တွေ့လိုက်တယ် ပြောကြတယ်။ ဆပ်သွားတောရွာဆို ကျောင်းတွေပါ ပိတ်ထားရတယ်။ ရွာထဲလျှောက်သွားနေတော့ ကြောက်နေကြတာပေါ့။ ခုထိတော့ အန္တရာယ်ပြုတာမျိုးမကြားမိသေးပေမယ့်လည်း ခုလိုရွာထဲသွားလာနေတာ ကြောက်ရတယ် ။ ” လို့ ဒေသခံက ပြောပါတယ်။
အဆိုပါ တောဆင်နှစ်ကောင်ဟာ တိုက်ကြီးမြို့နယ် ဖူးကြီးဒေသ ဘက်ကနေ ရောက်ရှိလာတဲ့ တောဆင်ဖြစ်ကြောင်း ကနဦး သိရပြီး လက်ရှိမှာ မှော်ဘီသစ်တောဦးစီးဌာနက ဆင်တွေကို အမြန်ဆုံး ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
” တာဝန်ရှိသူတွေကိုလည်း အကြောင်းကြားထားတယ်။ အခု သစ်ထုတ်လုပ်ရေးနဲ့သစ်တောဦးစီးဌာနဘက်က အဲဒီဆင်တွေကို ဖမ်းဖို့လုပ်နေပါတယ်။ ဖမ်းလို့တော့မမိသေးဘူး။ အရင်ရက်တွေကလည်း ဝါးနက်ချောင်း၊လက်ပံတန်းစု၊ပန်းတပွင့်တောင် အနီးတဝိုက်က ရာဘာစိုက်ခင်းတွေ သောင်းကျန်းနေတယ်။ အဲဒီဘက်ကလည်း တောဆင်တွေကို ထိန်းသိမ်းပေးဖို့ တောင်းဆိုနေကြတယ်။ “လို့ ဒေသခံက ပြောပါတယ်။
ဇွန် ၁၃ ရက်ကလည်း တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာထိပ်ရှိ ခြံတခြံအတွင်းမှာ အသက် ၆၀ ကျော်အရွယ် ခြံစောင့်အမျိုးသားတယောက် တောဆင်ရိုင်းအနင်းခံရပြီး သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီလတုန်းကလည်း မှော်ဘီမြို့နယ်ထဲက ရာဘာခြံထဲမှာ ရာဘာအစေးခြစ်နေတဲ့ အမျိုးသမီးတယောက် ဆင်နင်းခံရပြီး သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်ကလည်း တိုက်ကြီးမြို့နယ်၊ မြိုင်ဟေဝန်စခန်းမှာ တောဆင်းရိုင်းအနင်းခံရလို့ အသက် ၉ နှစ်အရွယ် ပထမတန်းကျောင်းသူတယောက် သေဆုံးပြီး မိခင်ဖြစ်သူဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလကလည်း တိုက်ကြီးမြို့နယ်ထဲမှာ တောဆင်ရိုင်း အနင်းခံရလို့ သေဆုံး သူသုံးယောက်ရှိခဲ့ပြီး ပြင်းထန်ဒဏ်ရာရခဲ့သူ နှစ်ယောက်ရှိခဲ့တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ
