သူတို့အိမ် အခန်း (၁၄၁)

ဆူးငှက်

နှစ်ချုပ် ကုန်ကျန်ကောက်ချိန်
——————————–

နှစ်တစ်နှစ်၏ မတ်လ နောက်ဆုံးပတ် ရောက်သည်နှင့် အလုပ်ရုံ၏ နှစ်ချုပ်စာရင်း ရေးဆွဲရသည်။ သတ်မှတ်ထားသည့် စီမံကိန်းလျုထားချက်ကို ပြည့်မီစွာ အကောင်အထည်ဖော်နိုင်မှုကိုလည်း အစီရင်ခံစာ ရေးရသည်။ စာရင်းပိုင်းနှင့် ပတ်သက်၍ တာဝန်ခံစာရေးကြီး ကိုဌေးအောင်က တာဝန်ယူသည်။ သူသည် ဖိနပ်အလုပ်သမား တစ်ဦးမျှသာ ဖြစ်သော်လည်း လုပ်သားစုပေါင်းအဖြစ် စတင်ဖွဲ့စည်း ကတည်းက ပါဝင်ကာ စာရင်းကိုင်ခဲ့သည်။ သူက ဝမ်းကွဲမျှ အစ်ကိုတော်စပ်သော်လည်း ကျွန်တော့်ကို ငယ်စဉ်ကတည်းက ညီအရင်းတစ်ယောက်လို စောင့်ရှောက်သည်။ ထိုစဉ်ကာလ သူက လူပျိုကြီးတစ်ယောက်ဖြစ်ရုံမက သဘောလည်း ကောင်းသူမို့ ကျန်ညီအစ်ကို မောင်နှမများကိုလည်း စောင့်ရှောက်သည်။ မိဘများက သူပါလျှင် မည်သည့်နေရာမဆို စိတ်ချလို့ ကျွန်တော်တို့ကလည်း သွားချင်သည့် နေရာရှိလျှင် သူ့ကိုပဲ ခေါင်းခွေ့ကြသည်။

တကယ်တော့ သူက အလုပ်ရုံ၏ အသက်ပဲ ဖြစ်ပါ၏။ စတင် ဖွဲ့စည်းကတည်းက ပါလာသူမို့ အလုပ်ရုံအကြောင်း အသင်းသား အလုပ်သမားတွေအကြောင်း အားလုံးသိသည်။ အထူးသဖြင့် အလုပ်ရုံတွင် လုပ်ငန်းကအစ သမာသမတ် ကျစေဖို့ သူက ထိန်းကျောင်းနိုင်သည်။ အမှုဆောင်ဆိုတာ သူ့သက်တမ်းအတွင်းသာ တာဝန်ရှိသည် မဟုတ်ပါလား။ ထို့ကြောင့် မတ်လ နောက်ဆုံးပတ် နှစ်ချုပ်စာရင်း ဆွဲချိန်ဆိုလျှင် သူက အလွန်ပင်ပန်းသည်။ ဘတ်ဂျက် နှစ်ကုန်ဖြစ်သော မတ်လ ၃၁ရက်နေ့တွင် ဦးစီးဌာနနှင့် မြို့နယ်တာဝန်ရှိသူများ ရှေ့မှောက်တွင် ကုန်ကြမ်းကုန်ချော ကုန်ကျန်ကောက် အစစ်ဆေးခံကာ စာရင်းပိတ် လက်မှတ်ထိုးကြရ၏။

ကျွန်တော်က ထိုနှစ်ချုပ်စာရင်းများကို အခြေခံပြီး မြို့နယ်နှင့် တိုင်းက ချမှတ်ထားသော စီမံကိန်းလျာထားချက်များ ပြည့်မီစွာ အကောင်အထည်ဖော်နိုင်ကြောင်း အစီရင်ခံစာ ရေးရသည်။ အစီရင်ခံစာက မြို့နယ်သ/မဦးစီး မြို့နယ်စီမံကိန်းဦးစီးဌာန သာမက မြို့နယ်ပါတီယူနစ် မြို့နယ် အလုပ်သမား အစည်းအရုံး သို့လည်း ထိုအဖွဲ့အစည်းများ ချမှတ်ထားသော မူဘောင်များအတိုင်း ဆောင်ရွက်နိုင်ပါကြောင်း အစီရင်ခံစာကိုလည်း သီးခြားရေးရပါသည်။ တကယ်တော့ အလုပ်ရုံက ကုန်ထုတ်လုပ်မှုနှင့် အကျိုးအမြတ်တွင် မြို့နယ်က ချမှတ်ထားသည့် လျာထားချက်ကို နှစ်စဉ် ပြည့်မီရုံမက အမှန်အကန် ကျော်လွန်သည်ချည်း ဖြစ်ပါသည်။

ထိုသို့ စာရင်းချုပ်ချန်ရောက်လျှင် မတ်လ ၃၁ရက်နေ့ မတိုင်မီ ၃ရက်ခန့်ကြိုပြီး ပိတ်ကာ ကုန်ချောနှင့် ကုန်ကြမ်းများကို ရေတွက်စစ်ဆေးပြီး လာရောက်စစ်ဆေးသူများ လွယ်လင့်တကူ စစ်ဆေးနိုင်ရန် ပြင်ဆင်ရ၏။ မတ်လ ၃၁ရက်နေ့ ကုန်ကျန်ကောက်အဖွဲ့ စစ်ဆေးပြီးလျှင် အားလုံးမှာ ထိုဘတ်ဂျက်နှစ်အတွက် တာဝန်ကျေသွားလို့ စိတ်လက် ပေါ့ပါး သွားကြပါသည်။ အသစ်ရောက်လာသော မြို့နယ် သ/မဦးစီးဌာနမှူးနှင့် ကျွန်တော် စာအုပ်တွေ အပြန်အလှန် လဲဖတ်ရင်း စိတ်ကူးမိကြတာက အလုပ်ရုံမှာ ထိုသို့ ဘတ်ဂျက်နှစ်ကုန် စာရင်းစစ်အပြီး ဧပြီလ ၁ရက်မှ ၅ရက်အတွင်း နံရံကပ်စာစောင် ထုတ်ဝေကြဖို့ ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် မတ်လ ၃၁ရက် စာရင်းစစ်အပြီး နှစ်စဉ်လို အလုပ်ရုံကို ပြန်လည် ပြင်ဆင် ထိန်းသိမ်းရသောကြောင့် တစ်ပတ်ခန့် အလုပ်ပိတ်လေ့ရှိသည်။ ထိုအလုပ်ပိတ်ချိန်အတွင်း နံရံကပ်စာစောင် ပြုလုပ်ကြဖို့ ဖြစ်၏။

ပျိုးခင်း တဲ့
————-

ထိုအစီအစဉ်ကို အမှုဆောင်အဖွဲ့အနေနှင့်ရော အခြေခံ အလုပ်သမား အစည်းအရုံးအနေနှင့်ရော သဘောတူညီဖို့ အစည်းအဝေးထိုင်ခြင်း၊ ဆုံးဖြတ်ခြင်း၊ တာဝန်ပေးခြင်းတို့ကို လုပ်ထုံးလုပ်နည်းနှင့် ညီအောင် ဌာနမှူးအသစ် လမ်းညွှန်သည့် အတိုင်း ဆောင်ရွက်ကြသည်။ အစည်းအဝေးဆုံးဖြတ်ချက်များ အားလုံးပြီးစီးသောအခါ န့ရံကပ်စာစောင် လုပ်ငန်းစတင်ရတော့သည်။ နံရံကပ်စာစောင်ကို “ပျိုးခင်း” ဟု အမည်ပေးပြီး နှစ်စဉ် ထိုနံမည်နှင့် ထုတ်ဝေနိုင်ရန်အတွက် ယခု ပထမဆုံးထုတ်ဝေမည့် စာစောင်ကို “ပျိုးခင်း – ၁” ဟု အမည်ပေးကြ၏။

အလုပ်ရုံရှိ အလုပ်သမားများကိုလည်း ကဗျာ၊ ဆောင်းပါး၊၊ ဝတ္ထုတို၊ အက်ဆေး တို့ကို တစ်ဦးလျှင် ကြိုက်နှစ်သက်ရာ ၂ပုဒ် ရေးသားပေးပို့ကြဖို့ စာမူနောက်ဆုံး ပေးပို့ရမည့် ရက်နှင့်အတူ တောင်းခံထား၏။ နံရံကပ် စာစောင်အတွက် စတင် လှုပ်ရှားကတည်းက ဌာနမှူးအသစ်က မနက်လင်းလျှင် အလုပ်ရုံသို့ ဂျာဝါးဆိုင်ကယ် တထုံးထုံးနှင့် ရောက်လာပြီး သက်သာ လက်ဖက်ရည် သောက်ကာ စာမူကိစ္စများ စာစောင် ဖော့မက် ကိစ္စများ ပြောဆို ကြသည်။ နံရံကပ်စာစောင်အတွက် အလုပ်ရုံအမှုဆောင်အဖွဲ့ကလည်း သဘောကျသည်။ အခြေခံ အလုပ်သမား အစည်းအရုံး အမှုဆောင်အဖွဲ့ကလည်း တက်ကြွနေသည်။ အခြေခံ အလုပ်သမားအစည်းအရုံး၏ မြို့နယ်ကိုယ်စားလှယ် ကတော့ ရန်ကုန်သို့ သင်တန်းသွားတက်နေ၏။

စာကြည့်တိုက်နှင့် ရင်းနှီးနေကြလို့
———————————–

စာမူနှင့် ပတ်သက်ပြီး ယခု နံရံကပ်စာစောင်က အလုပ်ရုံ၏ နှစ်၂၀ကျော် သက်တမ်းအတွင်း ပထမဆုံး အတွေ့အကြုံမို့ အသင်းသားအလုပ်သမားများထံက စာမူရရှိဖို့ ခက်ခဲနေဦးမည်ဟု သဘောထားကြပြီး အလုပ်ရုံနှင့် အစည်းအရုံး ၂ရပ်က အမှုဆောင်အဖွဲ့ စာမူ၊ သက်သာအဖွဲ့က စာမူ၊ ဌာနမှူးဘက်က ဌာနမှူးကိုယ်တိုင် ရေးသားသည့် ဥယျောဇဉ်နှင့် အခြားစာမူများကို အခြေခံရမှာမို့ ကျွန်တော်က လိုရမယ်ရ ဆောင်းပါး ဝတ္ထု ကဗျာ အက်ဆေးသာမက ပြဇာတ်တစ်ပုဒ်ဖြင့်ပင် ကလောင်ခွဲများဖြင့် ပြင်ဆင်ထားရသည်။ ထို့ကြောင့် စာစောင်ကို အချိန်မီ ထုတ်ဝေနိုင်ရန် အတွက် အသင့်ရှိပြီး စာမူများကို ၂၀”× ၃၀” အရွယ် တစ်ဖက်ချော ဂျပ်စက္ကူတွင် စတင် ရေးသားကြတော့၏။ အလုပ်ရုံ ပိတ်ချိန်မှ ည ၁၀နာရီကျော်အထိ အလုပ်ရုံမှာပဲ ရေးသားကြသည်။ စာမူများကို ရေးသားရာတွင် အဓိက ရေးသားသူမှာ ထိုစဉ်က သက်သာ ဝန်ထမ်းဖြစ်သော ကိုသိန်းထွန်း ဖြစ်ပါ၏။ သူက ထိုစဉ်ကတည်းက ပန်းချီဆရာဖြစ်နေပါပြီ။ ကျွန်တော်နှင့် သက်သာဆိုင် ဝန်ထမ်း ကိုထွန်းထွန်း တို့က အကူဖြစ်သည်။

ဤသို့ဖြင့် ထိုရက်များက ကျွန်တော့် စာပွဲသည် မနက်ပိုင်းတွင် ဌာနမှူးအသစ်ရောက်လာပြီး စာမူများဖတ် ရွေး ပြင်နှင့် အယ်ဒီတာစာပွဲ ဖြစ်ကာ ညပိုင်းတွင် ဆေးဘူး စုတ်တံ၊ ဆော့ပင်၊ မင်အိုး၊ ကော်ဘူး၊ ဘိုင်နာအဖြူဘူး ကပ်ကြေးနှင့် ဒီဇိုင်းစာပွဲ ဖြစ်သွားသည်။ သည်လိုနှင့် တစ်ဖက်ချောဂျပ် ၃ရွက် ပြီးစီး ချိန် စာမူပိတ်ရက်လည်း ရောက်ရန် ၂ရက်အလိုတွင် အသင်းသားအလုပ်သမားများထံက ကျွန်တော်တို့ လုပ်ကိုင်နေသည်ကို မြင်တွေ့ပြီး စိတ်ပါသွားလို့လားမသိ စာမူတွေ တစ်ထပ်ကြီး ရောက်လာတော့၏ အသင်းသား ၅၀ကျော်ထံက စာမူတွေ ရောက်လာတော့ ကျွန်တော်တို့လည်း အံ့သြဝမ်းသာ သွားသည်။ အများစုက ဆောင်းပါးများ ဖြစ်ပြီး သရော်စာများ ပင်ပါသည်။ ကဗျာတွေလည်း အတော်များ၏။ ဝတ္ထုနှင့် အက်ဆေးက ၃ပုဒ်စီလောက်ပါသည်။ ထူးခြားတာက ရောက်လာသမျှစာမူများက ပယ်စရာမရှိ၊ စကားလုံ အသုံအနှုန်း အနည်းငယ် ပြင်ဆင်ရရုံပဲ ဖြစ်သည်။ ကဗျာများက လေးလုံးစပ်ကို ပိုင်နိုင်စွာ စပ်ဆို နိုင်ကြ၏။ ထို့ကြောင့် ကျန်သည့် ရက်များတွင် ကိုသိန်းထွန်း ဦးဆောင်ပြီး စာစောင်ရေးဆွဲခြင်းကို ညစဉ် အလင်းပေါက်နီးပါး ကြိုးစားလိုက်ကြရာ ဖွင့်ပွဲမနက်ကို ကောင်းစွာ မီခဲ့ပါသည်။

၆ပေ× ၃ပေ အထပ်သား ၂ဖက် ၈ချပ်စာ
—————————————–

မိတ်ဆွေတို့ ကျွန်တော်တို့၏ “ပျိုးခင်း – အမှတ်၁” နံရံကပ်စာစောင်က ၂၀”× ၃၀” အရွယ် တစ်ဖက်ချောဂျပ် အရွက် ၂၀ ထိ ရေးဆွဲရသောကြောင့် ၆ပေ×၃ပေ အထပ်သား ၈ချပ်ကို မျက်နှာ ၂ဖက်စလုံးတွင် ကပ်ကာ ရှင်းလင်းထားသော အလုပ်ရုံအတွင်း သပ်ရပ်လှပစွာ ခင်းကျင်း ဖွင့်လှစ်နိုင်ခဲ့ပါ၏။ ဖွင့်ပွဲတွင် မြို့နယ် သ/မ ဌာနမှူးအသစ်က မုဒိတာစကား နှင့် အခြေခံ အစည်းအရုံး အမှုဆောင်က အဖွင့် စကား ပြောကြား ခဲ့သည်။ နံရံကပ်စာစောင်ကို အလုပ်ရုံအတွင်း ၅ရက်ကြာ ဖွင့်လှစ်ပြသခဲ့ရာ ဌာနမှူး အသစ်အပါအဝင် အလုပ်ရုံစာကြည့်တိုက်မှ စာအုပ်များ ငှားရမ်းလေ့ရှိကြသည့် ပါတီယူနစ် ကော်မီတီဝင် အချို့ မြို့နယ် အလုပ်သမားအစည်းအရုံးမှ ကော်မီတီဝင် အချို့လည်း မနက်တိုင်းရောက်ရှိလာပြီး စာပေစကားဝိုငးဖွဲ့ကြ၏။

စာစောင် ဖွင့်လှစ်သည့် ၃ရက်မြောက်နေ့တွင် မီးခြစ်စက်ရုံ အခြေခံအလုပ်သမားအစည်းအရုံး၏ လုပ်သားများက အမှတ်၆ဘတ်စ်ကားကြီး ၃စင်းနှင့် ရောက်လာကြပြီး နံရံကပ်စာစောင်ကို ကြည့်ရှုကြသည်။ ထိုသတင်းက နောက်ရက် ဗိုလ်တထောင်သတင်းစာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြပါရှိခဲ့ပြီး ထိုအပတ်ထုတ် လုပ်သားဂျာနယ် နောက်ကျောဖုံး တွင်လည်း ထပ်မံပါရှိခဲ့သည်။ ဗိုလ်တထောင် သတင်းစာတွင်ပါရှိပြီးနောက် အခြား သစ်စက် နှင့် ကုန်ထုတ်သ/မများ၏ လုပ်သားများကလည်း အဖွဲ့အစည်း အနေနှင့် အုပ်စုလိုက် လာရောက် လေ့လာကြတော့သည်။ ထို့ကြောင့် ဌာနမှူးအသစ်အပါအဝင် ကျွန်တော်တို့မှာ နောက် “ပျိုးခင်း” အမှတ် ၂ ၊ အမှတ် ၃၊ အမှတ် ၄ စသည်များအတွက် အားတက်ကြတော့သည်။ ဖြစ်နိုင်လျှင် ၆လ တစ်ကြိမ်လောက် ပြုလုပ်ကြမည်ပေါ့။

 

အပင်ကို အမြစ်က ဆွဲနှုတ်
—————————-

ဤသို့ဖြင့် ကျွန်တော်တို့၏ “ပျိုးခင်း – ၁” နံရံကပ်စာစောင် အောင်မြင်မှုကို စားမြုံ့ပြန်၍ ကောင်းဆဲမှာပင် ရန်ကုန် သင်တန်းက ပြန်လာသည့် မြို့နယ် အလုပ်သမား အစည်းအရုံး ကော်မီတီဝင် အသင်းသားကြီးကို ပါတီယူနစ်က ဆင့်ခေါ်ပြီး နံရံကပ်စာစောင် ထုတ်ဝေမှု ကိစ္စ အတွက် အထူးသတိပေးပြီး ထုချေလွှာ တင်လိုက်ရသတဲ့။ အလုပ်ရုံက ဦးဆောင် စီစဉ်သူ ကျွန်တော့်ကိုလည်း နောက်တစ်ခါ ပြုလုပ်လျှင် ဖမ်းဆီးအရေးယူမယ်တဲ့။

အလားတူ မြို့နယ် သ/မဦးစီး ဌာနမှူးအသစ်ကိုလည်း ပါတီယူနစ်က ခေါ်ပြီး ကြိမ်းမောင်း သတိပေး လိုက်သတဲ့။ ဤသို့ဖြင့် ပျိုးခင်းသည် အပင်မသန်မီ အမြစ်နှုတ် ခံလိုက်ရတော့သည်။ ကျွန်တော်တို့၏ ပျိုးခင်း ကို စတင် အကောင်အထည်ဖော်စေသည့် ဌာနမှူးအသစ် ဆိုသည်မှာ ပန်းချီဆရာကြီး ဦးမျိုးခင်(ထန်းရိပ်ညို) ဖြစ်ပါသည်။ နံရံကပ်စာစောင်ကို ဦးဆောင်ကာ သရုပ်ဖော် ပန်းချီများ လက်ရေးများဖြင့် ရေးဆွဲပေးသည့် အလုပ်ရုံသက်သာ ဝန်ထမ်း ကိုသိန်းထွန်း ဆိုသူက ယနေ့ ပန်းချီဆရာ မောင်စစ်မုန်း အဖြစ် ထင်ရှားသူ ဖြစ်သလို သက်သာဝန်ထမ်း ကိုထွန်းထွန်းဆိုသူက ယနေ့ တယောပညာရှင် ကိုထွန်း(တယော) ဖြစ်ပါ၏။ ကျွန်တော်ဆိုသူကတော့ အခုအချိန်ထိ အရိပ်၃ပါး နားမလည်တဲ့ ဆူးငှက် ပေါ့လေ။

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW