မန္တလေး၊ ဇွန်- ၁၅- ၂၀၂၆
SA(VOM)
လယ်ယာမြေပိုင်ဆိုင်မှု ပုံစံ ၇ ကို အခက်အခဲမရှိ အမည်လွှဲ ပြောင်းပေးနိုင်ရေးနဲ့ စိုက်ပျိုးစရိတ် ချေးငွေထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့အစီအစဥ် ရှိ မရှိ မေးခွန်းကို ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အခမ်းအနားမှာ လွှတ် တော်ကတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးမြန်းခဲ့ပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က ” မဲဆန္ဒရှင်ပြည်သူအများနဲ့ ထိတွေ့၍ ပြည်သူ့အသံ ပြည်သူ့ဆန္ဒကိုသိရှိရန် ပြည်သူများနှင့်ထိတွေ့ပွဲနေရာတော်တော်များများတွင် အများပြည်သူများရဲ့တင်ပြချက်အရ ပြီးခဲ့သည့်ဘဏ္ဍာနှစ် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ယူခွင့်မရရှိကြောင်း၊ လယ်ယာမြေပိုင်ဆိုင်မှူ ပုံစံ( ၇ ) အမည်ပေါက်သူ ကွယ်လွန်သွားပြီးဖြစ်၍ အမွေဆက်ခံသူ မိသားစုအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေလျှောက်ထားရာတွင် မရ ရှိကြပါ။ ပုံစံ( ၇ )အမည်ပေါက်လိုအပ်သည်ကိုလည်းသိရှိကြပါသည်၊ မူပုံစံ( ၇ )ထုတ်ပေးစဉ်က သတ်မှတ်ထားသောနှုန်းထားမှာ ( ၅ဝဝိ )ဖြစ်ပါသည်။သို့ဖြစ်ပါ၍လယ်ယာမြေပိုင်ဆိုင်မှု ပုံစံ( ၇ ) အမည်ပြောင်းလျှောက်ထားကြနိုင်ရေးအတွက် အခက်အခဲမရှိစေရေး၊ စိုက်ပျိုးစရိတ်ထုတ်ချေးနိုင်ရေးတို့အတွက် ပိုင်ဆိုင်မှု ပုံစံ( ၇ )အမည်ပြောင်းလှောင်ထားသူကပေးဆောင်ရမည့် နှုန်းထား သတ်မှတ်ချက် သိရှိလိုပါကြောင်းနှင့် စိုက်ပျိုးစရိတ်ထုတ်ချေးနိုင်ရေးကိုဆောင်ရွက်ပေးရန် အစီအစဉ် ရှိ / မရှိ” မေးမြန်းခဲ့တာဖြစ်ပါတယ်။
မေးခွန်းနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ဆည်မြောင်း ဝန်ကြီး ဦးလှမျိုးက လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ရရှိထားသူများသည် လုပ်ပိုင်ခွင့် ရရှိထားတဲ့ လယ်ယာမြေ အားလုံးကိုဖြစ်စေ တစိတ်တပိုင်းကိုဖြစ်စေ ရောင်းချခြင်း၊ ပေးကမ်းခြင်း လဲလှယ်ခြင်း ကိစ္စရပ်များကို အမှန်တကယ် စာချုပ်ချုပ်ဆို ဆောင်ရွက် သည့်မြေ နေရာကို မြေတိုင်း တာစစ်ဆေးပြီး သက်သေခံစာချုပ် သက်သေခံမြေပုံထုတ်ယူနိုင်ရန် သက်ဆိုင်ရာ မြို့နယ်မြေစာရင်း ဦးစီးဌာနကို သက်သေခံမြေပုံ လျှောက်ထားရယူရမည်။ မြို့နယ်မြေစာရင်ဦးစီးဌာနကို သက်သေခံ မြေပုံရေးကူးခြင်းအတွက် မြေစာရင်းပုံစံ ၁၀၅ ရေးကူးခငွေ ၈၅၇၂ ကျပ်၊ ပုံစံ ၁၀၆ မြေစာရင်းပုံစံ ရေးကူးခငွေ ၄၂၈၆ ပေးသွင်းရမှာ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။
မြေစာရင်းဦးစီးဌာနမှ မြေပုံရာဇဝင်ရေးကူးရရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စုရဲ့ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရှေ့မှောက်မှာ စာချုပ်ချုပ်ဆိုရမှာဖြစ်ပြီး အဲ့ဒီချုပ်ဆိုထားတဲ့ စာချုပ်ကို သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက ဒေသန္တရအခြေအနေအရ စာချုပ်ကို စီလျော်သောနှုန်းထားနဲ့အညီ ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစား ဆိုပြီး သက်မှတ်ထားတဲ့ ရောင်းခွန်၊ ဝယ်ခွန်နှင့် တံဆိပ်ခေါင်းခွန်တွေကို သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာန အခွန်ထမ်းဆောင်ပြီး အရောင်းအဝယ်စာချုပ်ပါ ကာလတန်ဖို့ရဲ့ ၀.၅ ရာခိုင်နှုန်းကို မှတ်ပုံတင်ခ ပေးသွင်းပြီး အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဖြေကြားပါတယ်။
ဒါ့အပြင် စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ဆည် မြောင်းဝန်ကြီး ဦးလှမျိုးက အခု ၂၀၂၆ / ၂၀၂၇ စိုက်ပျိုးရေးရာသီမှာ တောင်သူ လယ်သမားတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရာ မြေပြင်မှာ အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်နေတဲ့ တောင်သူလယ်သမားတွေအနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေရရှိဖို့အတွက် ပုံစံ ၇ အမည်မ ပေါက်ခြင်းအပါအဝင် တွေ့ကြုံနေရတဲ့ အခက် အခဲတွေနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မေ လ ၁ ရက်နေ့က စတင်ပြီး တောင်သူလယ် သမားတွေကို ချေးငွေထုတ်ယူမှု အခက်အခဲတွေကို နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းပေးလျှက်ရှိတယ်လို့ ပြန်လည်ဖြေကြားပါတယ်။
