ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းနှင့်ပြည်သူတို့သိထားရမည့် အခွင့်အရေးများ

မန္တ​လေး- ဇွန် ၁၅-၂၀၂၆
KKA (VOM)
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးဟာ ပြည်သူလူထုနဲ့ အနီးကပ်ဆုံး ဖြစ်ပြီး နေ့စဉ်လူမှုစီးပွားကိစ္စတွေ၊ ထောက်ခံစာကိစ္စတွေကအစ တိုက်ရိုက်ပတ်သက်နေတဲ့ အရေးကြီးတဲ့ ယန္တရားတစ်ခု ဖြစ်ပါတယ်။ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ဖို့ကလည်း အခြေခံကျတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အလွန်အက္ခရာကျပါတယ်။ လတ်တလောမှာ အုပ်ချုပ်ရေးမှူးသစ်တွေ ရွေးချယ်ဖို့အတွက် ပထမအဆင့်ဖြစ်တဲ့ ကြီးကြပ်ရေးအဖွဲ့ (နာယက) ရွေးချယ်မှုတွေကို နေရာအနှံ့အပြားမှာ စတင်လုပ်ဆောင်နေကြပြီလည်း ဖြစ်ပါတယ်။
ဒါကြောင့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ ပြည်သူလူထုအနေနဲ့ ကိုယ့်ရဲ့ အခွင့်အရေး၊ရပိုင်ခွင့်နဲ့ တာဝန်တွေကို သိရှိနားလည်ထားဖို့လိုပါတယ်။ ဒါဟာ ကိုယ့်ရပ် ကိုယ့်ရွာရဲ့ တကယ့်အခွင့်ရေးပါ။ မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့လိုပါတယ်။
အုပ်ချုပ်ရေးမှူးကို တိုက်ရိုက်မရွေးချယ်ခင်မှာ ဒီရွေးချယ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို ဘက်လိုက်မှုမရှိ၊ သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်မယ့် လုပ်ကိုင်‌ေဆာင်ရွက်‌‌ေပးနိုင်မယ့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်ရေး ကြီးကြပ်ရေးအဖွဲ့ကို အရင်ဆုံး ဖွဲ့စည်းရတာ ဖြစ်ပါတယ်။
ရပ်ကွက်၊ကျေးရွာအတွင်း သိက္ခာသမာဓိရှိပြီး လူလေးစားရတဲ့ အများယုံကြည်သူ (၅) ဦးနဲ့ ဖွဲ့စည်းရပါတယ်။ အဲဒီ ၅ ဦးထဲကမှ ဥက္ကဋ္ဌ (နာယက) နဲ့ အတွင်းရေးမှူးတို့ကို သူတို့အချင်းချင်း ပြန်လည်ရွေးချယ်ကြတာလည်း ဖြစ်ပါတယ်။
ဒီကြီးကြပ်ရေးအဖွဲ့ဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးလောင်းတွေကို စိစစ်တာ၊ ဆန္ဒမဲပေးမယ့် အိမ်ထောင်စုကိုယ်စားလှယ်စာရင်း ပြုစုတာ၊ မဲရလဒ်ရေတွက်တာ စတဲ့ အဓိက အဆုံးအဖြတ်ပေးရမယ့် အခန်းကဏ္ဍမှာ ရှိနေလို့ ဖြစ်ပါတယ်။ တရားမျှတတဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက် ရဖို့ဆိုတာ ဒီကြီးကြပ်ရေးအဖွဲ့ သန့်ရှင်းဖို့က ပထမခြေလှမ်း ဖြစ်ပါတယ်။ဒါကို ပေါ့ပေါ့ဆဆတွေးလို့မရပါဘူး။ကြီးကြပ်ရေးမှူးတွေကိုလည်း သမာသမတ်ဖြစ်မယ့်သူကို ရွေးချယ်နိုင်ရမှာဖြစ်ပါတယ်။
ကြီးကြပ်ရေးအဖွဲ့ဝင် (သို့မဟုတ်) နာယက ဖြစ်မယ့်သူတွေမှာ ရှိရမယ့် အရည်အချင်း‌‌တွေကိုလည်း သိထားရပါဦးမယ်။ဥပဒေအရ ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံမယ့်သူတွေဟာ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမှာ အခြေချ နေထိုင်သူ ဖြစ်ရပါမယ်။အသက်အရွယ် ကြီးတာငယ်တာနဲ့ သိပ်ပြီးမဆိုင်လှပါဘူး။အသက် ၃၅ နှစ်အထက်ဆို ရွေးချယ်ပေးလို့ရပါတယ်။အသက်ကြီးရင့်သူတွေကိုပဲ ရွေးချယ်ရမယ်လို့ ထင်နေကြသူတွေလည်းရှိတဲ့အတွက်ကြောင့် ဒါကိုထည့်သွင်းရေးသားပေးတာပါ။နောက်တစ်ချက် အကျင့်စာရိတ္တ ကောင်းမွန်ပြီး အများပြည်သူက ကြည်ညိုလေးစားသူ ဖြစ်ရပါမယ်။
အရေးကြီးဆုံးအချက်အ‌ေနနဲ့က‌ေတာ့ ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံသူဟာ ဇနီး/ခင်ပွန်း၊ သားသမီး‌တွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖြစ် အရွေးချယ်ခံမည့်သူ မဖြစ်စေရပါဘူး။အဲဒီလိုပါတဲ့သူကို ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခွင့်မရိပါဘူး။ဒါဟာ အကျိုးစီးပွား ပဋိပက္ခ မဖြစ်စေရန်အတွက် တားမြစ်ထားခြင်း ဖြစ်ပါတယ်။ပြည်သူလူထုကလည်း အဲဒီအချက်တွေကို သတိချပ်ရပါလိမ့်မယ်။
ပြည်သူလူထု သိရှိပြီး ပါဝင်ရမယ့် အဆင့်ဆင့် လုပ်ငန်းစဉ်တွေလည်း သိရှိထားရပါဦးမယ်။
ရွေးချယ်မှု လုပ်ငန်းစဉ်ကို ယေဘုယျအားဖြင့် အောက်ပါအတိုင်း အဆင့်ဆင့် သွားလေ့ရှိပါတယ်။
(က) ဆယ်အိမ်စု ကိုယ်စားလှယ် (ဆယ်အိမ်ခေါင်း) များ ရွေးချယ်ခြင်း
ကြီးကြပ်ရေးအဖွဲ့ကနေ ရပ်ကွက်၊ကျေးရွာအတွင်းရှိ အိမ်ထောင်စုတွေကို ဆယ်အိမ်စု (သို့မဟုတ်) သင့်တော်သလို အစုအဖွဲ့များ ခွဲခြားပြီး အဆိုပါ အစုအဖွဲ့အလိုက် ကြီးကြပ်ပေးမယ့် “ဆယ်အိမ်စုကိုယ်စားလှယ်” တွေကို အရင်ရွေးချယ်ခိုင်းမှာ ဖြစ်ပါတယ်။
(ခ) အုပ်ချုပ်ရေးမှူးလောင်း အမည်စာရင်း တင်သွင်းခြင်း
အရည်အချင်းပြည့်မီတဲ့ ရပ်ကွက်သား မည်သူမဆို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အများက သဘောတူ၍သော်လည်းကောင်း အုပ်ချုပ်ရေးမှူးလောင်းအဖြစ် အမည်စာရင်း တင်သွင်းနိုင်ပါတယ်။ ကြီးကြပ်ရေးအဖွဲ့က ထိုသူတွေရဲ့ အရည်အချင်းကို စိစစ်ရပါမယ်။
(ဂ) အိမ်ထောင်စုကိုယ်စားလှယ်တစ်ဦးချင်းစီမှ လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခြင်း
ဥပဒေအရ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွေးချယ်ရာမှာ အိမ်ထောင်စုတစ်စုလျှင် မိသားစုဝင်တစ်ဦး (အိမ်ထောင်စုကိုယ်စားလှယ်) ကျစီဖြင့် လျှို့ဝှက်ဆန္ဒမဲပေးစနစ်သုံးပြီး ရွေးချယ်ရတာ ဖြစ်ပါတယ်။
(ဃ) ပြည်သူတစ်ယောက်အနေနဲ့ မိမိအခွင့်အရေး မဆုံးရှုံးစေဖို့ ဘာတွေသတိပြုရမလဲ
*မဲစာရင်း စစ်ဆေးပါ။မိမိအိမ်ထောင်စုသည် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာရဲ့ အိမ်ထောင်စုကိုယ်စားလှယ် မဲစာရင်းထဲမှာ ပါ၊ မပါ သေချာစွာ စစ်ဆေးပါ။ မပါဝင်ပါက ကြီးကြပ်ရေးအဖွဲ့ထံ အမြန်ဆုံး အကြောင်းကြား ထည့်သွင်းခိုင်းရပါမယ်။
(င)စောင့်ကြည့်လေ့လာပါ
ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းကအစ အုပ်ချုပ်ရေးမှူးလောင်း စိစစ်ခြင်း၊ မဲပေးခြင်း လုပ်ငန်းစဉ်တွေဟာ ပွင့်လင်းမြင်သာမှု ရှိ၊ မရှိကို ရပ်ကွက်လူထုကိုယ်တိုင်က မျက်စိဖွင့်၊ နားစွင့် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
(စ)ကန့်ကွက်နိုင်ခွင့်
ရွေးချယ်ခံမယ့် အုပ်ချုပ်ရေးမှူးလောင်း သို့မဟုတ် ကြီးကြပ်ရေးအဖွဲ့ဝင်တွေထဲမှာ ဥပဒေနဲ့ မညီညွတ်တဲ့အချက် (ဥပမာ- ထိုရပ်ကွက်တွင် အမှန်တကယ် မနေထိုင်ခြင်း၊ အကျင့်စာရိတ္တ ပျက်ပြားခြင်း၊ အသက်မပြည့်ခြင်း စတဲ့) ရှိနေရင် ဥပဒေကြောင်းအရ ခိုင်လုံစွာ ကန့်ကွက်နိုင်ခွင့် ပြည်သူတွေမှာ ရှိပါတယ်။
အခုဖော်ပြထားတာတွေဟာ ပြည်သူလူထု အမှန်တကယ်သိရှိထားရမယ့်အချက်‌တွေပါ။ဒါ‌‌တွေသိထားမှလည်း မှန်ကန်တဲ့ အုပ်ချုပ်ရေးမှူးကို ရွေးချယ်နိုင်ကြမှာဖြစ်ပါတယ်။မှန်ကန်တဲ့ အုပ်ချုပ်ရေးမှူးကိုရွေးချယ်နိုင်မှလည်း ရပ်ရွာဖွံ့ဖြိုးတိုးတက်မှာဖြစ်သလို ရပ်ကွက်သူ ရပ်ကွက်သားရှေ့က မားမားမတ်မတ်ရပ်တည်ပေးနိုင်မှာလည်းဖြစ်ပါတယ်။
ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူး ဆိုတာ အစိုးရနဲ့ ပြည်သူကြား ပေါင်းကူးတံတားဖြစ်သလို၊ ဒေသတွင်း တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အဓိကကျတဲ့ အခြေခံအကျဆုံး ရာထူးဖြစ်ပါတယ်။ အဲဒီရာထူးကို သန့်ရှင်းမျှတစွာ ရွေးချယ်နိုင်ဖို့ဆိုရင် အခုလက်ရှိ လုပ်ဆောင်နေတဲ့ “ကြီးကြပ်ရေးအဖွဲ့ (နာယက)” ရွေးချယ်မှုကစပြီး ပြည်သူလူထုတစ်ရပ်လုံးက စိတ်ဝင်တစားနဲ့ တက်ကြွစွာ ပါဝင်စောင့်ကြည့်ဖို့ အထူးလိုအပ်လှပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW