ဇွန် ၁၇ ၊ ၂၀၂၆
GG (VOM)
ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့မှာ ဒီကနေ့ ဇွန် ၁၇ ရက်နေ့မှာ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက်သေဆုံးကာ ငါးယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒီကနေ့ ညနေ ၃ နာရီလောက်ကစပြီး ကျောက်တော်မြို့က ပိုက်သည်ရပ်ကွက် ၊ လမ်းမတော်ရပ်ကွက် အပါအဝင် နေရာ ခြောက်နေရာထက်မနည်းကို လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာများတဲ့အတွက် ထိခိုက်ဒဏ်ရာရ အရေအတွက် အတိအကျကို စာရင်းကောက်ယူနိုင်ခြင်းမရှိသေးကြောင်းနဲ့ ကနဦး သိရတဲ့ ဒဏ်ရာရ ငါးယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ် ။
” ခုနှစ်ဦးပွဲချင်းပြီး သေဆုံးတယ်။ ဒဏ်ရာရတဲ့အထဲမှာငါးဦးလောက်က လုံးဝစိုးရိမ်ရတဲ့ အခင်းအကျင်းမှာရှိတယ်။ ဒဏ်ရာရတဲ့လူဦးရေက ဒီထက်တိုးလာနိုင်သေးတယ်။ ဖြစ်တဲ့နေရာတော်တော်များတော့ ဒဏ်ရာရလူဦးရေ စာရင်းအတိကျ မကောက်နိုင်သေးဘူး။ ခုသေတာနဲ့ ဒဏ်ရာရတာတွေက ပိုက်သည်ရပ်ကွက် ၊ လမ်းမတော်ရပ်ကွက် က ပါတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ လူသေဆုံး ထိခိုက်ဒဏ်ရာရသူတွေ အပြင် နေအိမ် ၊အဆောက်အဦတွေလည်း ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၁၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်မှာ မြောက်ဦး ၊ ကျောက်တော် ၊ ပုဏ္ဍားကျွန်း မြို့နယ်တွေမှာ လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံခဲ့ရပြီး နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့သလို ထိခိုက်ဒဏ်ရာ ရရှိသူတွေရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ရခိုင်ပြည် နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးကာ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညပိုင်းကလည်း ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ ၊ ည ၇ နာရီခွဲလောက်ကလည်း ကျောက်တော်မြို့နယ် ၊ချောင်းတူရွာ အနီးမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၂၁ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၃၀ လောက် ရှိခဲ့တယ်လို့ သိရပါတယ် ။
၂၀၂၅ ခုနှစ် ၊ဒီဇင်ဘာ ၂၉ ရက်နေ့ ၊ ည၈ နာရီလောက်ကလည်း ရခိုင်ပြည်နယ် ထဲက AA ထိန်းချုပ်ဒေသ ဖြစ်တဲ့ သံတွဲမြို့နယ် ၊ငပလီမြို့ ၊ လင်းသာရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီး ခုနှစ်ယောက် သေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူ ၁၅ ယောက်လောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ၊ ငလုံးစုရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ရှစ်ယောက်သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ် ။
ဒီဇင်ဘာ ၁၀ ရက်နေ့ ကလည်း ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ် မှာ လေကြောင်း တိုက်ခိုက် ခံရပြီး လူ ၃၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၇၆ ယောက် ရှိခဲ့တယ် လို့ သိရပါတယ်။
