ဇွန် ၁၇၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာနယ်စပ် ချင်းရွှေဟော်မြို့မှာ MNDAA က နယ်စပ်ကုန်သွယ်ရေး ဂိတ်အသစ် ဖွင့်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဟုတ်တယ်။ နယ်စပ် ဂိတ်အသစ် ဖွင့်ဖို့ပါ ပြင်ဆင်နေတာ။ ဂိတ်အဟောင်းလည်း အသုံးပြုနေဆဲပါ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
နယ်စပ်ဂိတ် အသစ် ဆောက်လုပ်နေမှုကတော့ ပြီးခါနီးနေပြီလို့ သူက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဂိတ်ဟောင်းကို အရင်ထက် ပိုကျယ်ဝန်းအောင် ပြုပြင်နေပြီး ကုန်တင်ကားကြီး၊ ကားငယ်တွေ ရပ်နားဖို့ အဆင်ပြေစေမယ့် ကွင်းပြင်ပုံစံနဲ့ ချဲ့ထွင်နေတာလို့ နောက်ထပ်ဒေသခံ တယောက်ကပြောပါတယ်။
“အရင်က သတ်မှတ် ကာရံထားတဲ့ နယ်စပ်စည်းရိုးကတော့ ရှေ့တိုးလာသလို တွေ့ရတယ်” လို့လည်း သူက ပြောပါတယ်။
လက်ရှိ အဲဒီ တရုတ်နယ်စပ်ကနေ နှစ်ဖက်နိုင်ငံ လူအဝင် အထွက် ရှိနေပြီး တရုတ်ဘက်က အလုပ်သမားတွေကတော့ မြန်မာဘက်ခြမ်း နေ့စဉ် လာရောက် အလုပ်လုပ်နေကြတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ နယ်စပ်ဂိတ်က ၂၀၀၃ ခုနှစ် ဖွင့်လှစ်ခဲ့တဲ့ တရုတ်-မြန်မာ အဓိကနယ်စပ်ကုန်သွယ်ရေးဂိတ်တွေထဲက တခုဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ချိတ်ဆက်ပေးရာ အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတခုလည်း ဖြစ်ပါတယ်။
အဲဒီ နယ်စပ်ကုန်သွယ်ရေးဇုနနဲ့ နယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ MNDAA က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး လက်ရှိတွင် MNDAA ထိန်းချုပ်နယ်မြေအဖြစ် ဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။
သုတေသနအဖွဲ့ ISP-Myanmar ၏ ထုတ်ပြန်ချက်များအရ MNDAA ဟာ လက်ရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ နယ်စပ်ဂိတ်အများအပြားကို ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတခုဖြစ်လာပြီး ချင်းရွှေဟော်ကလည်း အဲဒီ ကုန်သွယ်ရေးကွန်ရက်အတွင်း အရေးပါတဲ့ နယ်စပ်ဂိတ်တခုအဖြစ် ဆက်လက်ရပ်တည်နေကြောင်း သိရပါတယ်။
Photo Crd# ဒေသခံ
