ဇွန် ၁၈ – ၂၀၂၆
SS (VOM)
ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မူဆယ် – မန္တလေး ရထားလမ်း အပါအဝင် တရုတ် – မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းတွေကို အရှိန်အဟုန်မပျက် ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ မနေ့ ဇွန် ၁၇ ရက်က နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ကြေညာချက်ထဲမှာ ရပ်ဝန်းနဲ့ ပိုးလမ်းမ (BRI) ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို အချိန်မီ ပြီးပြတ်စေရေး ဦးစားပေး လုပ်ဆောင်မယ်လို့ ဖော်ပြထားပြီး ဒါအတွက် လက်မှတ်ရေးထိုးဖို့ကိုလည်း အလေးထား အဆင်သင့်ရှိနေကာ စီမံကိန်းတွေကို အပြန်အလှန် လေးစားမှု၊ အကျိုးဖြစ်ထွန်းမှု၊ စီးပွားရေးအရ ဖြစ်မြောက်နိုင်စွမ်းရှိမှု၊ ဘဏ္ဍာရေးဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲမှု စတဲ့ အခြေခံမူတွေနဲ့ လမ်းညွှန် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်လို့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်သူ တယောက်က “ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ မူဆယ် – မန္တလေး ရထားလမ်း စီမံကိန်းတွေကို အကောင်အထည် ဖော်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကုန်စည်စီးဆင်းမှုတွေ မြန်ဆန်လာစေမယ် ဆိုတာကတော့ အားလုံး သိပြီးသားဖြစ်မှာပါ။ ဒီစီမံကိန်းတွေကနေ မြန်မာပြည်အတွက် ဒေသတွင်း ကုန်သွယ်မှုဗဟိုချက်မအဖြစ် အသွင်ကူးပြောင်းနိုင်မယ့် အခွင့်အလမ်းတွေ ရရှိလာနိုင်ပါတယ်။ သို့သော် တဖက် မြေပြင်မှာကလည်း ပဋိပက္ခတွေက ရှိနေသေးတယ်။ ဆိုတော့ ဒါက စီမံကိန်းလုံခြုံရေး၊ အချုပ်အခြာအာဏာနဲ့ ဘဏ္ဍာရေးဆိုင်ရာတွေမှာ စိန်ခေါ်မှုတွေ ရှိနေနိုင်တယ်။ ဒီအချက်တွေကိုတော့ သတိပြုရမှာပါ” လို့ ပြောပါတယ်။
အဲဒီ စီမံကိန်းတွေဟာ စီးပွားရေးနဲ့ ကုန်သွယ်မှုကို တိုးတက်လာစေနိုင်ပြီး တိုက်ရိုက် ပင်လယ်ထွက်ပေါက် ရရှိလာမှာဖြစ်ကာ ကျောက်ဖြူရေနက်ဆိပ်ကမ်း ပြီးစီးပါက ပြည်ပပို့ကုန်/သွင်းကုန်တွေကို စင်ကာပူ (ဒါမှမဟုတ်) မလေးရှားလို တခြားသောနိုင်ငံတွေကနေ ကြားခံ ဖြတ်သန်းစရာမလိုဘဲ အာဖရိက၊ တောင်အာရှနဲ့ ဥရောပနိုင်ငံတွေဆီ တိုက်ရိုက် တင်ပို့နိုင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒီလိုပဲ မူဆယ် – မန္တလေး – ကျောက်ဖြူ ရထားလမ်းဟာလည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိ ချိတ်ဆက်ပေးမယ့် တရုတ် – မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ရဲ့ အစိတ်အပိုင်းတခု ဖြစ်တာကြောင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ကာ ကုန်ကျစရိတ်တွေကိုလည်း များစွာ သက်သာစေမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ပြည်တွင်း လုပ်သားတွေအတွက် ဆိပ်ကမ်းတည်ဆောက်ရေး၊ အထူးစီးပွားရေးဇုန် လုပ်ငန်းတွေနဲ့ ရထားလမ်းပိုင်း တလျှောက်မှာ အလုပ်အကိုင်သစ်တွေ ပေါ်ပေါက်လာနိုင်သလို ဒေသတွင်း အခြေခံအဆောက်အအုံတွေလည်း ဖွံ့ဖြိုးလာမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“နောက်တချက် အရေးကြီးတာက နိုင်ငံခြားကြွေးမြီကိစ္စ။ ဒီရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေဆိုတာဟာ ကုန်ကျစရိတ် ကြီးမားနိုင်တယ်။ ဒါကြောင့် ညှိနှိုင်းမှုတွေကို သတိထားပြီး လုပ်ဆောင်မထားဘူးဆိုရင် နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးကဏ္ဍအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်တယ်” လို့ သူက ပြောပါတယ်။
မြန်မာ – တရုတ် ပူးတွဲကြေညာချက်မှာ စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ နှစ်နိုင်ငံစလုံးရဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ နိုင်ငံရဲ့ အခြေအနေအရပ်ရပ်တွေနဲ့ အပြည့်အဝ ကိုက်ညီမှုရှိအောင် လုပ်ဆောင်မှာဖြစ်ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေကို အကျိုးရှိစွာအသုံးချကာ လျှပ်စစ်ဓာတ်အားလိုင်း အပြန်အလှန်ချိတ်ဆက်မှုကို အရှိန်အဟုန်မပျက် ပုံမှန် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် ကုန်သွယ်မှု ပိုမိုလွယ်ကူ ချောမွေ့စေရေးအတွက် တရုတ်ယွမ် – မြန်မာကျပ် တိုက်ရိုက်ပေးချေမှု ယန္တရားကိုပါ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး စိုက်ပျိုးရေးအခြေခံ ထုတ်ကုန်ထုတ်လုပ်ခြင်း၊ ရေနံနဲ့ စွမ်းအင်ကဏ္ဍလိုမျိုး နှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကဏ္ဍတွေမှာ ပိုမိုနီးကပ်တဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပူးပေါင်း ဆောင်ရွက်ခြင်းတွေကိုလည်း အပြန်အလှန် ပံ့ပိုးကူညီသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
