ဝက်လက်မြို့မှာ နှစ်ရက်ဆက်တိုက် လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီး ခြောက်ယောက် သေဆုံး

ဇွန် ၁၇ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဒီကနေ့ ဇွန် ၁၇ ရက်၊ နေ့လယ် ၁ နာရီခွဲဝန်းကျင်က ဝက်လက်မြို့နယ်၊ ပေါက္ကံ – ရှိန်းမကားလမ်း၊ ပေါက္ကံဘူတာအနီးက ညောင်ပင်ကြီးတောကျေးရွာ (တောင်ပိုင်း) မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တာကြောင့် ငါးယောက် သေဆုံးပြီး ဒဏ်ရာရသူ တချို့လည်းရှိကာ နွားနှစ်ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“သေဆုံး ငါးယောက်မှာ သုံးယောက်က ပွဲချင်းပြီးဖြစ်သွားတယ်။ နေအိမ်တချို့လည်း ပျက်စီးတာရှိတယ်။ သေဆုံးသူတွေကို နေ့ချင်းပြီးပဲ သင်္ဂြိုဟ်လိုက်ကြတာပါ။ ဒဏ်ရာရတဲ့သူတွေကတော့ သုံးယောက်ထက်မနည်းတော့ ရှိလိမ့်မယ်။ အရေအတွက် သေသေချာချာ မသိရသေးဘူး” လို့ ကူညီပေးနေသူက ပြောပါတယ်။
ဒါအပြင် မနေ့ ဇွန် ၁၆ ရက်၊ ညနေ ၄ နာရီဝန်းကျင်ကလည်း ဝက်လက်နယ် (တောင်ခြမ်း)၊ ဝက်လူးအိုင်ရွာမှာ ဒရုန်း ငါးစင်း ကျရောက်ပေါက်ကွဲမှုကြောင့် တယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“‌ဒရုန်း ငါးစင်းမှာ သုံးစင်းက ဝက်လူးအိုင်ရွာထဲကျတယ်။ အဲဒီမှာ သေဆုံး၊ ဒဏ်ရာရသူတွေ ရှိတယ်။ နောက်နှစ်စင်းက သာလိုင်းရွာသစ်ထဲကို ကျတယ်။ အဲဒီမှာတော့ နွားတင်းကုပ်ပဲ ပျက်စီးသွားတယ်။ အခုနောက်ပိုင်း ဝက်လက်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုစိပ်လာတယ်ပြောရမယ်” လို့ သူက ပြောပါတယ်။
အဲဒီ ဝက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ကလည်း နဘဲပင်လှကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့သလို မေလ ၆ ရက်နေ့ကလည်း စခန်းသာ (ခေါ်) ချပ်ပြဲကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု လေးကြိမ် ဖြစ်ပွားခဲ့တာကြောင့် သုံးယောက် သေဆုံးကာ၊ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အစိုးရတပ်အနေနဲ့ အခုရက်ပိုင်းအတွင်းမှာ ဝက်လက်မြို့နယ်ကို ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းရန်ကို အထူးသတိထားကြဖို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက အသိပေး နှိုးဆော်ထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW