သမ္မတရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ နယ်စပ်တည်ငြိမ်ရေးနဲ့ ရပ်ဆိုင်းနေတဲ့ စီးပွားရေးတွေအတွက် သက်ရောက်မှုတွေ ရှိလာနိုင်

ဇွန် ၁၇ – ၂၀၂၆
SN (VOM)
သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံ နိုင်ငံတော်အဆင့် ခရီးစဉ်ဟာ တရုတ် – မြန်မာ နယ်စပ်တည်ငြိမ်ရေးနဲ့ ရပ်ဆိုင်းနေတဲ့ စီးပွားရေးစင်္ကြံ စီမံကိန်းတွေကို ပြန်လည် အသက်သွင်းဖို့အတွက် အဓိက သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်‌သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံသမ္မတဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့မှ စတင်ကာ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ငါးရက်ကြာ သွားရောက်နေတာ ဖြစ်ပါတယ်။
အဲဒီ ခရီးစဉ်အတွင်း မြန်မာ – တရုတ် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တိုက်ပွဲတွေ လျော့ကျရေးနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးတို့အတွက် နှစ်နိုင်ငံခေါင်းဆောင်တွေ အလေးထား ဆွေးနွေးကြမှာဖြစ်တာကြောင့် နယ်စပ်ရေးရာ အခြေအနေတွေကို တိုးတက် ပြောင်းလဲစေနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူက ပြောပါတယ်။
“ဒီခရီးစဉ်က မြန်မာ့အရေးအပေါ် သက်ရောက်မှုတွေ အများကြီး ရှိလာနိုင်ပါတယ်။ ကောင်းမွန်တဲ့ သက်ရောက်မှုပေါ့။ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကိုယ်တိုင်က တရားဝင် နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် လက်ခံတွေ့ဆုံတဲ့ အနေအထားဆိုတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတယ်ဆိုတာကို ပြသလိုက်တာလည်းဖြစ်တယ်။ ဒီတွေ့ဆုံမှုက နိုင်ငံတကာ အသိုင်းအဝိုင်းမှာ သံတမန်ရေးအရ အရေးပါတဲ့ အားသာချက်တခုကို ရရှိလာစေနိုင်တယ်” လို့ သူက ပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ (မြောက်ပိုင်း) ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာ သြဇာညောင်းတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာကြောင့် ဒီခရီးစဉ်အတွင်း နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် တရုတ်အစိုးရရဲ့ ကြားဝင်မှု (ဒါမှမဟုတ်) သဘောတူညီချက်တွေက တိုင်းရင်းသား နယ်မြေတွေအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်လို့ သူက ပြောပါတယ်။
“ဒါက စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ပြီး စတင်နိုင်ဖို့အတွက် အရွေ့တခုလည်း ဖြစ်လာနိုင်တယ်။ တိုက်ပွဲတွေကြောင့် ကြန့်ကြာနေတဲ့ နှစ်နိုင်ငံ စီးပွားရေးစင်္ကြံ (CMEC) အောက်က စီမံကိန်းတွေကို အရှိန်မြှင့်တင်ဖို့ အခွင့်အလမ်း ရလာနိုင်တယ်။ နှစ်နိုင်ငံကြားက ကုန်သွယ်ရေး၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အသစ်တွေကို ဖော်ဆောင်နိုင်ဖို့အတွက်လည်း လမ်းစ ပွင့်သွားနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
ခရီးစဉ်အတွင်း မြန်မာနိုင်ငံသမ္မတနဲ့ တရုတ်နိုင်ငံ သမ္မတတို့ဟာ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်က ပေကျင်းမြို့ရှိ Great Hall of the People မှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် နှစ်နိုင်ငံ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ (MoU) ၁၈ ခုကို နှစ်နိုင်ငံ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူတွေက သမ္မတတွေရဲ့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
‎အဲဒီ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၁၈ ခုကတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နဲ့ တရုတ် ပြည်သူ့သမ္မတ နိုင်ငံတို့အကြား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative – GSI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာ – တရုတ် နှစ်နိုင်ငံအစိုးရတွေအကြား ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှု အစီအမံ (Global Civilization Initiative-GCI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှု (Global Development Initiative – GDI) အကောင်အထည်ဖော် ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၆) အတွက် ပူးတွဲ အကောင်အထည်ဖော်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ အောင်ဆန်းအားကစားကွင်းသစ် ပြန်လည်တည်ဆောက်ခြင်း စီမံကိန်း ဆောင်ရွက်ဖို့အတွက် အကူအညီပေးရေးဆိုင်ရာ စာလွှာတွေကိုလည်း လက်မှတ် ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တရုတ်တိုင်းရင်းသား ဆေးဖက်ဝင်အပင်တွေ တင်ပို့ခြင်းဆိုင်ရာ အပင်ကျန်းမာရေးလိုအပ်ချက် သဘောတူစာချုပ်၊ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို လတ်ဆတ်တဲ့ ငှက်ပျောသီးတွေ တင်ပို့ခြင်းဆိုင်ရာ အပင်ကျန်းမာရေးလိုအပ်ချက် သဘောတူစာချုပ်၊ တရုတ်နိုင်ငံအတွင်း စားသုံးဖို့အတွက် မြန်မာနိုင်ငံက ရေထွက်တိရစ္ဆာန်တွေ တင်ပို့ခြင်းဆိုင်ရာ ကန့်သတ်စစ်ဆေးရေးနဲ့ သန့်ရှင်းရေးလိုအပ်ချက်ဆိုင်ရာ သဘောတူစာချုပ်တွေကိုလည်း ချုပ်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။
မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရေး အကောင်အထည်ဖော်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာ – တရုတ် သိပ္ပံနဲ့နည်းပညာ ပြည်သူချင်းဖလှယ်ရေး အစီအစဉ်ဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနဲ့ တတ်သိပညာရှင် ဖိုရမ်ယန္တရား နားလည်မှုစာချွန်လွှာ၊ ရုပ်/သံ ထုတ်လွှင့်ခြင်း၊ ရုပ်မြင်သံကြားနဲ့ အွန်လိုင်းအသံနဲ့ ရုပ်ဝန်ဆောင်မှုနယ်ပယ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ နားလည်မှုစာချွန်လွှာတွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါအပြင် ဉာဏပစ္စည်း မူပိုင်ခွင့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ယှဉ်ပြိုင်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ လွတ်လပ်တဲ့ကုန်သွယ်မှုနဲ့ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြေငလျင်ဘေး အရေးပေါ် လူသားချင်းစာနာထောက်ထားမှု နည်းပညာအကူအညီ လွှဲပြောင်းပေးအပ်တာနဲ့ လက်ခံရေးဆိုင်ရာစာလွှာ၊ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာနဲ့ အသိပညာ ဖလှယ်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာတွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီတရုတ်နိုင်ငံခရီးစဥ်ဟာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သမ္မတဖြစ်လာပြီးနောက် ဒုတိယအကြိမ် သွားရောက်ခဲ့တဲ့ ပြည်ပခရီးစဉ်ဖြစ်ပြီး ပြီးခဲ့တဲ့ မေ ၃၀ ရက်နေ့ကလည်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီးစဉ် ငါးရက်ကြာ သွားရောက်ခဲ့ပါတယ်။
Photo – MOI

Related posts

Leave a Comment

VOM News

FREE
VIEW