ဇွန် ၁၉ ၊ ၂၀၂၆
GG (VOM)
ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ဖမ်းဆီးခံထားရတဲ့ အကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ ဒီကနေ့ ဇွန် ၁၉ ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာ ရန်ကုန်အခြေစိုက် သံရုံးတချို့က တောင်းဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်သံရုံးက ” ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ် ပြည့် မွေးနေ့တွင် ဆွစ်ဇာလန်နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံရှိ ဖမ်းဆီးခံထားရသော အခြားအကျဉ်းသားအားလုံး လွတ်မြောက် ရေးအတွက် တောင်းဆိုကြောင်း ထပ်လောင်း ပြောကြားပါတယ် ။ “ဆိုပြီး တောင်းဆိုထားတာ တွေ့ရပါတယ် ။
အလားတူ ကနေဒါ သံရုံးကလည်း ” ယနေ့ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက် မွေးနေ့တွင် သူမအား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ဆေးကုသမှုခံယူနိုင်စေရန်၊ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန် တောင်းဆိုချက်များကို ယနေ့ကျရောက်သော သူမ၏ (၈၁)နှစ်မြောက်မွေးနေ့တွင် ပြန်လည်အသက်သွင်းလိုက်ပါသည် ။ ၄င်းတို့သည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်ရှိပြီး ယုံကြည်စိတ်ချရသော၊ အားလုံးပါဝင်မှုရှိသော တွေ့ဆုံဆွေးနွေးမှုတစ်ခု ဖော်ဆောင်ရန် မရှိမဖြစ်လိုအပ်သော ခြေလှမ်းများဖြစ်ပါသည် ။.” ဆိုပြီး တောင်းဆိုထားပါတယ်။
ဩစတေးလျသံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားသော မတရားထိန်းသိမ်းထားခံရသူတွေ လွှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့် မွေးနေ့မှာ တောင်းဆိုခါးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရဲ့ မိသားစု၊ ဥပဒေအကြံပေးအဖွဲ့နဲ့ တွေ့ဆုံခွင့် ၊ ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ရရှိသင့်ကြောင်း ၊ မိမိတို့သည် မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ပြီး အကြမ်းဖက်မှုကို ရပ်တန့်ရန်၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့်အညီ အလုံးစုံပါဝင်တဲ့ ဆွေးနွေးမှု လုပ်ဆောင်ဖို့ ဩစတေးလျသံရုံးက တိုက်တွန်းထားပါတယ်။
နောက်ထပ် ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံး၊ ဂျာမနီသံရုံး ၊ဥရောပသမဂ္ဂရုံး၊ နယ်သာလန်သံရုံး ၊ အမေရိကန်သံရုံး ၊ တို့ကလည်း.ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီနေ့ကို ရုံးပိတ်ရက်သတ်မှတ်ခြင်း ၊သံရုံးစာမျက်နာကနေ ၈၁ ဆိုတဲ့ ဂဏန်းကို ထုတ်လွှင့်ဖော်ပြမှု ရှိတာတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ ကတည်းက ဖမ်းဆီးထိန်းသိမ်းကာ ထောင်ဒဏ်တွေချမှတ်ထားတာဖြစ်ပြီး မကြာခင်က အကျယ်ချုပ်အဖြစ်ပြောင်းထားပေမယ့် နေရာကိုတော့ အစိုးရဘက်က အသိပေးထုတ်ပြန်ခြင်း မရှိပါဘူး ။
ဒီကနေ့ ဇွန် ၁၉ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့်မွေးနေ့ဖြစ်ပြီး ဒီနေ့မှာပဲ နှင်းဆီ လှုပ်ရှားမှုဆိုပြီး အွန်လိုင်းပေါ်မှာ ပြုလုပ်နေကြတာကို တွေ့ရှိရပါတယ်။
