နှင်းဆီလှုပ်ရှားမှု ပြုလုပ်နေစဥ်အတွင်း ဖမ်းဆီး၊ စစ်ဆေးခံရသူတချို့ ရှိနေ

ဇွန် ၁၉ – ၂၀၂၆
SS (VOM)
ဒီကနေ့ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်တွင်းနဲ့ ပြည်ပမှာ နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်နေကြပြီး ဖမ်းဆီး၊ စစ်ဆေးခံရသူတချို့လည်း ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဗိုလ်တေဇလမ်းထိပ်ရှိ သစ်သီးဆိုင်တဆိုင်မှာ နှင်းဆီပန်းတွေကို ဘုရားစင်မှာ ကပ်လှူ ပူဇော်ထားတဲ့ ဆိုင်ပိုင်ရှင်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီကနေ့ မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားသလို စစ်ကိုင်းမြို့ အဝင်ဂိတ်မှာလည်း နှင်းဆီပန်း သယ်ဆောင်လာသူတယောက် ဒဏ်ငွေ ပေးဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကန်သာဦးရပ်ထဲမှာလည်း ကွမ်းယာဆိုင် နှစ်ဆိုင်မှာ နှင်းဆီပန်း ဘုရားအိုးထိုးထားလို့ဆိုပြီး ဖမ်းသွားတယ်။ ပန်းသည်တယောက်လည်း အဖမ်းခံရတယ်။ ဖမ်းဆီးခံရသူတွေ အကုန်လုံး အမှတ် (၁) ရဲစခန်းထဲမှာ ရောက်နေတယ်သိရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ထိုင်းနိုင်ငံမှာလည်း ဘန်ကောက်သံရုံးရှေ့၊ နှင်းဆီပန်း ဝေငှခဲ့တဲ့အဖွဲ့ကို ခွင့်ပြုချက် တောင်းခံခြင်းမပြုဘဲ လူစုလူဝေးဖြစ်အောင် လုပ်ဆောင်မှုနဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဒီကနေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ရန်ကုန်မြို့မှာလည်း ပုံမှန်နေ့တွေထက် လုံခြုံရေးတင်းကျပ်ထားပြီး မွေးနေ့အထိမ်းအမှတ် ပြုလုပ်ထားတဲ့ နေရာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံ စစ်ဆေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒီနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့နဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသီးသီးက မွေးနေ့ဆုတောင်းစကား ဆိုကြသလို ‌သူမကို လွှတ်ပေးဖို့အတွက် တောင်းဆိုမှု ကမ်ပိန်းတွေလည်း ပြုလုပ်နေကြပါတယ်။
အဲဒီလိုပဲ ရန်ကုန်အခြေစိုက် သံရုံးတွေဖြစ်တဲ့ ဆွစ်ဇာလန်၊ ကနေဒါ၊ ဩစတြေးလျသံရုံးတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဖမ်းဆီးခံထားရတဲ့ အကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားကြတာ တွေ့ရသလို ဗြိတိန်၊ ဂျာမနီ၊ ဥရောပသမဂ္ဂ၊ နယ်သာလန်၊ အမေရိကန် အစရှိတဲ့ သံရုံးတွေကလည်း.ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီကနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့တဲ့အပြင် သံရုံးစာမျက်နှာကနေလည်း ‘၈၁’ ဆိုတဲ့ ဂဏန်းကို ထုတ်လွှင့် ဖော်ပြခဲ့တာ တွေ့ရပါတယ်။
Photo – Hla Khaing

Related posts

Leave a Comment

VOM News

FREE
VIEW