ဇွန် ၁၉ – ၂၀၂၆
SN (VOM)
ကယားပြည်နယ်အတွင်းက ဖယ်ခုံနဲ့ မိုးဗြဲမြို့တွေမှာ အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး လူထိခိုက်သေဆုံး ဒဏ်ရာရမှု၊ နေအိမ် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်း – ကယား နယ်စပ် ၊ ဖယ်ခုံမြို့နယ်၊ အလယ်ပဒေါင်ကျေးရွာအုပ်စု၊ ပြင်ဆောင်ကျေးရွာမှာ မနေ့ ည ၁၁ နာရီခွဲဝန်းကျင်ကစပြီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ နှစ်ယောက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ခုနစ်လုံးထက်မနည်း ထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“လေယာဉ်မလာခင် ဒရုန်းတွေ အရင်ရောက်လာတာ။ ဒရုန်းတွေလာပြီး ၁၅ မိနစ်လောက်လည်းကြာရော၊ လေယာဉ် သုံးစီး ရောက်လာတယ်။ လေကြောင်းတိုက်ခိုက်တာ နာရီဝက်လောက်ကြာတယ်။ နှစ်ယောက်ထိတယ်။ ခြေထောက်နဲ့ လက်မောင်းကို ထိကြတာ။ ဒဏ်ရာက နှစ်ယောက်လုံး မစိုးရိမ်ရအဆင့်တွေပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဖယ်ခုံမြို့နယ် (အနောက်ဘက်ခြမ်း) မှာ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့ကစပြီး လေးရက်အတွင်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ်တိတိ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး လက်ရှိ မြို့နယ်အတွင်းမှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေအကြား စစ်ရေးတင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် ဖယ်ခုံမြို့နယ်မှာတည်ရှိတဲ့၊ ကုန်းမြေမြင့် နယ်စပ်မြို့တမြို့ဖြစ်တဲ့ မိုးဗြဲမြို့မှာလည်း မနေ့ ညနေ ၆ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အဲဒီ ဖြစ်စဉ်အတွင်း လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
“ကယားပြည်နယ်ဘက်မှာလည်း ခုနောက်ပိုင်း လေကြောင်းတိုက်ခိုက်တာတွေ ပိုပြီးအဖြစ်များလာတယ်။ မြေပြင်မှာ တိုက်ပွဲ ပြင်းထန်လာတာနဲ့အမျှ လေကြောင်းတိုက်ခိုက်တာတွေ ပိုဖြစ်လာနိုင်တယ်။ နောက်ထပ်လည်း လာကြဦးမယ်ထင်တယ်။ အကုန်လုံး လေကြောင်းရန် အထူးဂရုစိုက်ဖို့၊ သတိဝီရိယနဲ့နေကြဖို့ လိုတယ်။ ဗုံးခိုကျင်း (ဒါမှမဟုတ်) အကာအကွယ်ရှိတဲ့ နေရာတွေမှာ ချက်ချင်း ပုန်းခိုကြဖို့ လိုအပ်ပါတယ်” လို့ သူက ပြောပါတယ်။
အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ကစပြီး မိုးဗြဲဒေသအတွင်း၊ လွယ်ယင်းကျေးရွာအကျော်ကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာကြောင့် ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
အစိုးရတပ်ဟာ မိုးဗြဲမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ ပြန်လည် ထိန်းချုပ်ထားတာ ဖြစ်ပေမယ့် မြို့ပြင်နေရာ အများစုကိုတော့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက လက်ရှိအချိန်အထိ နယ်မြေစိုးမိုးထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ကယားပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် (အနောက်ဘက်ခြမ်း) မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
