အင်တာနက် ပြတ်တောက်တဲ့အချိန်ကာလကို လျှော်ကြေးနဲ့ အစားထိုးဝန်ဆောင်မှု တောင်းခံလို့ရ၊ တိုင်ကြားလာရင် လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူခံရနိုင်

နေပြည်တော်၊ ဇွန် – ၁၉ – ၂၀၂၆
KKL(VOM)
အင်တာနက်လိုင်း ပြတ်တောက်တဲ့အချိန်ပေါ် မူတည်ပြီး သတ်မှတ်လျော် ကြေးငွေ ပြန်လည်တောင်းဆိုမှု(သို့မဟုတ်) အင်တာနက် လိုင်းပြတ်တောက် တဲ့ ကာလအတိုင်း အစားထိုးဝန်ဆောင် မှု ပေးအပ်ဖို့ သက်ဆိုင်တဲ့ကုမ္ပဏီကို တောင်းဆိုနိုင်ပြီး ကုမ္ပဏီအနေနဲ့ ဝန်ဆောင်မှုပျက်ကွက်ခဲ့ရင် လိုင်စင်ပယ်ဖျက်တဲ့အထိ အရေးယူခံရနိုင်တယ်လို့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် ကပြောပါတယ်။
ဒီနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး ၁၁ ရက်မြောက်နေ့က ဘုတ်ပြင်းမြို့နယ်၊ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းလှိုင် မေးမြန်းတဲ့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုမ္ပဏီများက WiFi လိုင်းများ၊ Internet Package များ ရောင်းချရာတွင် မည်ကဲ့သို့ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ချုပ်ဆိုထားသည်ကို ရှင်းလင်းပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းတဲ့ မေးခွန်းအပေါ် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးသက်ဝင်းအောင်က ရှင်းလင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။
“အသုံးပြုသူများက တိုင်ကြားလာပါက ဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအား သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း ဆောင်ရွက်ပေးသွားရန် အကြောင်းကြားခြင်း၊ လိုက်နာမှုမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၅၇ နှင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥဒေ ပုဒ်မ ၄၁ (က) အရ သတိပေးခြင်း၊ ဖောက် ဖျက်မှုအတွက် ပြန်လည်ပြင်ဆင်ရန်နှင့် နောင်ဖြစ်လာ နိုင်သည့် ဖောက်ဖျက်မှုကိုတားဆီးရန် ညွှန်ကြားချက် ထုတ်ပြန်ခြင်း၊ သက်ဆိုင်ရာဝင်ငွေ၏ ၅ ရာခိုင်နှုန်းအထိ ဒဏ်ငွေပေးဆောင်ရန် သတ်မှတ်ခြင်း၊ လိုင်စင်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း အစရှိသည့် အရေးယူမှုများ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဒုတိယဝန်ကြီးကဖြေဆိုခဲ့တာပါ။
အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေနဲ့ ပတ် သက်ပြီးတော့ အွန်လိုင်းလောင်းကစားမှုများပြုလုပ်ရန် ဖြန့်ဝေလာတဲ့ စာတို (SMS) တွေအနေနဲ့ ဖုန်းနံပါတ် ၁ ခုတည်းကနေ တူညီတဲ့ စာသားတွေကို အချိန် ၁ နာရီအတွင်း ဖုန်းနံပါတ် ၆၀ သို့ ဖြန့်ဝေပေးပို့ခြင်း (သို့) ၂၄ နာရီအတွင်း ဖုန်းနံပါတ် ၁,၀၀၀ သို့ ပေးပို့ခြင်းများကို ပုံမှန်မဟုတ်တဲ့ ပေးပို့မှုအဖြစ် ဖုန်းနံပါတ်များကိုပိတ်သိမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ် မတ်လကနေ ၂၀၂၆ ခုနှစ် မေလအထိ သံသယ Sim Card (၂၄၃,၄၀၉)ခုကို အပြီးတိုင် ဖျက် သိမ်း ဆောင်ရွက်ခဲ့တယ်လို့လည်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က မြောက်ဥက္ကလာ မဲဆန္ဒနယ် ကိုယ်စားလှယ်ရဲ့မေးခွန်းကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW